Tuesday, June 26, 2018

မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ပါက ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေ မတွေးဝံ့စရာ ဖြစ်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြော


မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ပါက ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေ မှာ မတွေးဝံ့စရာ အခြေအနေ ဖြစ်သွားလိမ့်မည်ဟု နိုင်ငံတော်သမ္မတ က ဇွန်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ ၂၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံးရဲ့ အမျိုးသားရေး တာဝန်ကြီးအဖြစ် အရှိန်အဟုန် မြှင့်တင်ကြိုးပမ်းကြဖို့ အထူးဘဲ အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့နိုင်ငံ အနေအထားဟာ မတွေးဝံ့စရာ အခြေအနေကို ဆိုက်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ဖြည်းဖြည်းချင်း ဝါးမျိုပြီး ကျွန်တော်တို့ရဲ့ လူငယ်တွေကို အညွန့်ချိုးနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကို တစ်စစီ နင်းချေပစ်နေတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို ကျွန်တော်တို့အားလုံး ပြည်သူနဲ့အတူ စုပေါင်းပြီး နှိမ်နှင်းကြဖို့ အထူးအလေးအနက် တိုက်တွန်းပြောကြားလိုပါတယ် ” ဟု ဦးဝင်းမြင့် က ပြောသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက  ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပခဲ့သည်မှာ ၃၁ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိတသတင်းဌာန)
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

0 comments:

Post a Comment