Monday, June 25, 2018

ရေနှင့် ရွှံ့များကြောင့် ကယ်ဆယ်ရေးအဖွဲ့များ ရှေ့ဆက်တိုး၍ မရဖြစ်နေ


ဂူထဲမှာ ပျောက်ဆုံးနေကြတဲ့ လူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြကို ကယ်တင်ဖို့အတွက် ဒီနေ့မနက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ နောက်တစ်ကြိမ်ထပ်ကြိုးစားလျှက်ရှိပါတယ်။

ပထမအကြိမ် ကယ်တင်ဖို့ကြိုးစားခဲ့ကြတုန်းကတော့ ရေငုပ်သမားတွေဟာ ဂူထဲကို သေသေချာချာမ၀င်နိုင်ကြတာကြောင့် လက်လျှော့ခဲ့ကြရတယ်လို့ သစ်တောဥယျာဉ်ဆိုင်ရာ အရာရှိ တစ်ဦးကပြောပါတယ်။

"ဂူလိုဏ်ခေါင်းထဲကို ၀င်ဖို့လမ်းကြောင်းဟာ အရမ်းကို ကျဉ်းနေပါတယ်။ ရေတွေရှိနေပြီး ရွှ့တွေသဲတွေလဲဖုံးလွှမ်းနေပါသေးတယ်"လို့ သူကပြောပါတယ်။ အဲဒီ ရေတွေ နဲ့ ရွှံ့တွေကြောင့် ရှေ့ဆက်တိုးဖို့ ခက်ခဲနေကြတယ်လို့သိရပါတယ်။

အကြီးဆုံးလိုဏ်ခေါင်းဟာ ဂူထဲကို ၀င်ပေါက်ကနေ ၄ကီလိုမီတာဝေးပြီး ၆ ကီလိုမီတာကနေ ၈ ကီလိုမီတာလောက်ရှည်မယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အတွင်းရှိကြတဲ့ လူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြတို့ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်နိမိတ်ထဲက ထမ်လွန်နန်းနွန်(Tham Luang Nang Non)လိုဏ်ဂူထဲကို စနေနေ့ မွန်းလွဲပိုင်းက ၀င်သွားကြပြီး ခုလိုပျောက်ဆုံးနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

လူငယ်တစ်ဦးရဲ့ မိခင်က သူ့သား ဘောလုံးလေ့ကျင့်ဖို့သွားရာက အချိန်လွန်တဲ့အထိပြန်မရောက်လာသေးဘူးလို့ သတင်းပို့လာရာကနေ သူတို့ပျောက်ဆုံးနေကြကြောင်းသိရတာပါ။

အဲဒီ ထမ်လွန်နန်းနွန် လိုဏ်ဂူဟာ မိုးရာသီအတွင်းမှာဆိုရင် ရေကြီးရေလျှံတတ်တယ်လို့သိရပါတယ်။

မနှစ်တုန်းကလဲ ခရီးသွားအချို့ဟာ လိုဏ်ဂူထဲမှာ ပိတ်မိနေကြပြီး ရက်အနည်းငယ်အကြာ ရေပြန်ကျသွားတဲ့အခါမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။








ref: WATER AND MUD BLOCK RESCUE ATTEMPT FOR 12 BOYS IN CAVE(khaosodenglish.com)
Popular News Journal

0 comments:

Post a Comment