Tuesday, June 26, 2018

စစ်ရှောင် IDP စခန်းများမပိတ်ရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို


တိုင်းရင်းသားဒေသများတွင်ရှိသည့် စစ်ဘေးရှောင် IDP စခန်းများ ပိတ်သိမ်းမည့် အစိုးရအစီအစဉ်ကို ရပ်တန့်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က ထုတ်ပြန်လိုက်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် အစိုးရနှင့်တပ်မတော်တို့ကို လိပ်မူထားပြီး ပြည်တွင်း၊ ပြည်ပ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀၈ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

အစိုးရအနေနှင့် IDP စခန်းများ ပိတ်သိမ်းမည့် အစီအစဉ်ကို ချက်ချင်း ရပ်တန့်ထားရန်၊ ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေအတိုင်း ရရှိနိုင်ရေး လုပ်ဆောင်ရန်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေသည့်အဖွဲ့များ အားလုံးကို သွားလာခွင့်မရသောဒေသများသို့ သွားရောက်ခွင့်ပြုရန်နှင့် အဆိုပါ အဖွဲ့အစည်းများ၏ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်နေသည့် အခန်းကဏ္ဍများကို လေးစားအသိအမှတ်ပြုရန် တောင်းဆိုထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မပြီးပြတ်သေးသည့်ကာလတွင် တစ်နိုင်ငံလုံးရှိ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင်ရှိနေသော IDP စခန်းများ အားလုံးကို ပိတ်သိမ်းမည်ဆိုသည့် အစိုးရ၏ကြေညာ ချက်ကို စိုးရိမ်နေပြီး ကရင်ပြည်နယ်၊ ကချင်ပြည်နယ်များတွင် နေရပ်ခိုလှုံမှုများ ဆက်လက် မြင့်တက်နေဆဲဖြစ်သည့်အပြင် ကချင်ပြည်နယ်တွင် ဒုက္ခသည်များ ပဋိပက္ခဒေသများတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းသို့ IDPစခန်းများ ပိတ်သိမ်းရေးကို နိုင်ငံတော် စီမံကိန်းတစ်ရပ်အနေနှင့် ဖိအားပေးလုပ်ဆောင်လာပါကလည်း နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့်နောက်တစ်ကြိမ် ပြောင်းရွှေ့ရခြင်း စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး မငြိမ်းချမ်းသေးသည့် ဒေသများအတွက် စိုးရိမ်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ဒုက္ခသည်များစခန်းများ ပိတ်သိမ်းရေး စီမံကိန်းကို ဆိုင်းငံ့ထားသင့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကိုသာ ဦးစားပေးလုပ်ဆောင်မှသာ အဆိုပါ စစ်ရှောင်ဒုက္ခသည်ပြဿနာ ပြေလည်မှု ရရှိမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ အကူအညီပေးနေသည့် ကရင်အရပ်ဘက်အဖွဲ့အစည်းမှ ကိုစောသူရက ပြောကြားသည်။

“စခန်းတွေ ပိတ်ဖို့က အပစ်ရပ်ကိစ္စတွေ မပြီးသေးဘဲ ဘယ်လိုလုပ်ဆောင်မလဲ။ တိုက်ပွဲတွေ ပြန်ဖြစ်ရင် သူတို့လုံခြုံမှုအတွက် စိုးရိမ်စရာရှိတယ်။ ဒါကို အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ရမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကချင်၊ ကရင်၊ ရှမ်းနှင့် ရခိုင် ပြည်နယ်လေးခုရှိ ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဇွန်လဆန်းပိုင်း နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် မဟာဗျူဟာ စီမံကိန်းရေးဆွဲရန်အတွက် နိုင်ငံတကာတွင် ကျင့်သုံးသည့်စနစ်များ၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းပြီး ကျေးရွာအသစ်များ ပြန်လည် ထူထောင်ရန် နိုင်ငံ အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး၊ စီးပွားရေးအတွက် Micro Finance ချေးငွေများ ထုတ်ပေးရေးအစီအစဉ်များ အခြေခံကျသည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားထားသည်။

ကချင်ပြည်နယ် တစ်ခုတည်းတွင် နေရပ်စွန့်ခွာ ဒုက္ခသည်ဦးရေ တစ်သိန်းကျော်အထိ ရှိနေပြီး ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တစ်ကျော့ပြန် ပဋိပက္ခများကြောင့်လည်း ဒုက္ခသည်ပေါင်း နှစ်ထောင်ကျော် နေရပ်မှ ထပ်မံ တိမ်းရှောင်ခဲ့ရကြောင်း ကူညီထောက်ပံ့ပေးရေး အဖွဲ့များထံမှ သိရသည်။

The Voice


0 comments:

Post a Comment