Monday, June 25, 2018

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၇ ဘီလျံခန့် ထွက်ရှိနေပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှ တရုတ်နှင့် ထိုင်းသို့ တစ်နေ့ ကုဗပေ ၁ ဒသမ ၅ ဘီလျံခန့် တင်ပို့နေကြောင်း သိရ


မြန်မာနိုင်ငံတွင် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၇ ဘီလျံခန့်ထွက်ရှိနေပြီး သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများမှ တရုတ်နှင့် ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၁ ဒသမ ၅ ဘီလျံခန့် တင်ပို့နေကြောင်း ဇွန် ၂၃ ရက်က ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ Myanmar Oil and Gas Services Society (MOGSS) နှင့် Bagan-mart.com တို့ ကြီးမှူးကျင်းပသည့် Electricity & Energy Expo 2018 အခမ်းအနားမှ သိရသည်။

“မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ နိုင်ငံခြားရေနံကုမ္ပဏီများ ဖက်စပ်ဆောင်ရွက်ပြီး ထုတ်လုပ်နေတဲ့ ကမ်းလွန်ထုတ်လုပ်ရေး လုပ်ငန်းတွေ မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့က ထုတ်လုပ်နေတဲ့ နှစ်ခုပေါင်းရဲ့ ကုန်းပိုင်းကမ်းလွန် နှစ်ခုပေါင်းရဲ့ ထုတ်လုပ်ရေးဟာ ရေနံက တစ်နေ့ကို စည်ပေါင်း ၉၇၈၀၊ ၉၈၀၀ ၀န်းကျင်လောက် ထုတ်ပါတယ်။ သဘာဝဓာတ်ငွေ့ကတော့  တစ်နေ့ကို ကုဗပေ ၁ ဒသမ ၇ ဘီ လျံထွက်ပါတယ်” ဟု Myanmar Oil and Gas Enterprise မှ Executive Geologist  ဦးကျော်သူရက ပြောကြားသည်။

“သဘာဝဓာတ်ငွေ့တွေကို ထိုင်းနဲ့ တရုတ်ပြည်ကို ပိုက်လိုင်းက တစ်ဆင့် တစ်နေ့ကို ကုဗပေ ၁ ဒသ မ ၅ ဘီလျံတင်ပို့ပါတယ်။ သို့သော်လည်း ပြည်တွင်းလိုအပ်ချက်အရ စည်  ၅၀၀၀၀ လောက်ကို ပြန်လည်ပြီးတော့ လောင်စာဆီအတွက် သော်လည်းကောင်း တင်သွင်းနေရပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၂၀ မှ လုပ်ဆောင်နေသည့် ကုမ္ပဏီ ၃၂ ခုရှိပြီး လုပ်ကွက်ပေါင်း ၆၃ ကွက်တွင် ရေနံရှာဖွေ ထုတ်လုပ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုန်းပိုင်းကမ်းလွန် လုပ်ကွက်များ အနေဖြင့် မြန်မာနိုင်ငံတွင် ကုန်းပိုင်းအနေဖြင့် ၅၃ ကွက်၊ ကမ်းလွန်အနေဖြင့် ၅၁ ကွက် စသည်ဖြင့် လုပ်ကွက်များရှိကြောင်း၊ ယင်းတို့အနက် ကုန်းပိုင်း၌ လုပ်ကွက် ၂၅ ကွက်တွင် နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကျန်လုပ်ကွက်များကို MOGE ကိုယ်တိုင် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင်မူ လုပ်ကွက် ၅၁ ကွက်အနက် လုပ်ကွက် ၃၈ ကွက်ကို နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အစိုးရအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် ပိုလျှံပါက ဒေသတွင်း နိုင်ငံများနှင့် မျှဝေသုံးစွဲသွားမည် ဖြစ်ကြောင်း MOGE Geological Forum – 2018 အ ခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ သိရသည်။

“အစိုးရအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ရန် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် ပိုလျှံပါက ဒေသတွင်း နိုင်ငံများနှင့် မျှဝေသုံးစွဲရန် ဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။


နီလာ
Eleven Media Group

0 comments:

Post a Comment