Thursday, June 28, 2018

ဒလတံတား ဒီဇိုင်းသစ်ကြောင့် ဒေါ်လာ ၁၉ သန်း ထပ်ကုန်ကျနိုင်ဟု လွှတ်တော်အမတ်ဝေဖန်


ဒလတံတား ဒီဇိုင်းအသစ်ကြောင့် တည်ဆောက်မှုလုပ်ငန်းတွေကို အခုနှစ်ကုန်ပိုင်းမှ စတင်နိုင်မှာဖြစ်သလို ငွေကြေးကုန်ကျပိုများလာမယ်လို့  ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဝေဖန်လိုက်ပါတယ်။

“တံတားဒီဇိုင်းအသစ်ကြောင့် ဒေါ်လာ ၁၉ သန်း ထပ်မံကုန်ကျမှာဖြစ်တယ်။ ဒီလိုပြင်လိုက်တဲ့ အတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့အသံ နားမထောင်ဘူး။ ပြည်ထောင်စုလွှတ်တော်နဲ့ ဦးသိန်းစိန် သမ္မတလက်ထက်က အတည်ပြုထားတဲ့ ဒလတံတား ဒီဇိုင်းကို ပြန်လည်ပြင်ဆင်တာဟာ သမ္မတကို မထီမဲ့မြင်ရာရောက်တယ်။”လို့ လွှတ်တော်အမတ် ဦးထွန်းရင်က ပြောပါတယ်။

ဒလတံတားကို ဒလမြို့ ဗိုလ်မင်းရောင်လမ်းနဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က စဥ့်အိုးတန်းဆိပ်ကမ်းတို့ကို  ဆက်သွယ်တည်ဆောက်မှာဖြစ်ပြီး တံတားအရှည် ၆၁၄၄ ပေရှိ ၄ လမ်းသွား တံတား ဖြစ်ပါတယ်။

တံတားတည်ဆောက်ဖို့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ဒီထဲက အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့ ညီမျှတဲ့ ကိုရီးယားဝမ်ကို ကိုရီးယားချေးငွေ (EDSF Loan) ချေးငွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

တံတားစီမံကိန်းကာလကို ၂၀၁၅-၂၀၁၆ ကနေ ၂၀၁၉-၂၀၂၀ ထိ လျာထား သတ်မှတ်ထားပါတယ်။

DVB

0 comments:

Post a Comment