Monday, June 25, 2018

ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ၀င်ငွေများ ပြည်တွင်းသို့ နှစ်စဉ် ကန်ဒေါ်လာ ၆ ဒဿမ ၅ ဘီလျံကျော် ဝင်ရောက်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား


ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ၀င်ငွေများ ပြည်တွင်းသို့ နှစ်စဉ် ကန်ဒေါ်လာ ၆ ဒဿမ ၅ ဘီလျံကျော် ဝင်ရောက်နေသည်ဟု ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်းထားကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ ဟွန်ဒီစနစ်ဖြင့် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုကို မူးယစ်ဆေးဝါး တင်သွင်းမှုဖြင့် မလေးရှားနိုင်ငံ က တားမြစ်ပိတ်ပင်ထားသောကြောင့် ယင်းလုပ်ငန်းရှင်နှင့် ငွေလွှဲထားသော လုပ်သားများမှာ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုလ ဇွန်လ ၂၃ ရက်တွင် ရန်ကင်းအလုပ်သမား သင်တန်းကျောင်း၌ MOEAF အမှုဆောင်များနှင့် အသင်းဝင် အေဂျင်စီများ ဆွေးနွေးပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြရာတွင် နိုင်ငံတော်၏ လိုအပ်နေမှုကို မိမိတို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေဖြင့် ကြိုးစားဖြည့်ဆည်း ပေးလျှက်ရှိကြောင်း၊ ပြည်တွင်းတွင် အလုပ်အကိုင် မဖူလုံမှုကြောင့် မိမိတို့နိုင်ငံသားများ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေရကြောင်း၊ မိမိတို့ အနေဖြင့် ပြည်ပနိုင်ငံများသို့ တရားဝင် စနစ်များဖြင့် သွားရောက်နိုင်ရန်နှင့် သက်ဆိုင်ရာ နိုင်ငံအလိုက်၏ လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိစေရန် တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့ပြင် မိသားစု လွှဲပို့ငွေများကို တရားဝင်ဘဏ်စနစ်များဖြင့် လွှဲပို့နိုင်ရန် နိုင်ငံတော်ဘဏ်၊ ပုဂ္ဂလိက ဘဏ်များနှင့် အကြိမ်ကြိမ် နည်းလမ်းပေါင်းစုံဖြင့် ဆွေးနွေးတိုင်ပင် အဖြေရှာ ဆောင်ရွက်ခဲ့ကြောင်း ယင်းစည်းဝေးပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘဏ်စနစ်ကြောင့် နိုင်ငံတော်အတွက် အထောက်အကူ ဖြစ်မည်ကို နားလည်သိရှိ၍ အလုပ်သမားများ၏ ငွေကြေးလုံခြုံစိတ်ချရမှု၊ နိုင်ငံတော် GDP တိုးတက်လာနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းကို အလုပ်သမားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ထံ သို့ တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ သွားရောက်အလုပ် လုပ်ကိုင်နေသူ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၂၇၇၀၅ ဦးရှိကြောင်း မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ဘဏ်စနစ် များမှတစ်ဆင့် ပြည်ပရောက် လုပ်သားများ၏ လွှဲပို့ငွေသည် ၂၀၁၇/၂၀၁၈ တွင် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်အထိ တိုးလာကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment