Monday, June 25, 2018

စစ်တွေ တန်ဖိုးနည်းအိမ်ရာကို အရစ်ကျရောင်းချတော့မည် မဟုတ်ဟုဆိုသည့်အပေါ် ဝေဖန်မှုများထွက်ပေါ်


စစ်တွေမြို့ ဆပ်ရိုးကျရပ်ကွက် တစ်ဖက်ကမ်းတွင် ဆောက်လုပ်ထားသော တန်ဖိုးနည်းတိုက်ခန်းများကို အရစ်ကျနှင့် လက်ငင်း စနစ်နှစ်မျိုးဖြင့် ရောင်းချမည်ဟု ကြေညာခဲ့ရာ လက်ရှိတွင် လက်ငင်းစနစ် တစ်မျိုးတည်းဖြင့်သာ ရောင်းချတော့မည်ဆိုသည့်အပေါ် ပြည်သူများအကြား ဝေဖန်မှုများထွက်ပေါ်နေသည်။

“အစကတော့သူတို့က အရစ်ကျပုံစံမျိုးပြောတယ်။ ဝန်ထမ်းတွေအပါအဝင် ပင်စင်စားတွေအားလုံးက မျှော်လင့်ပြီးတော့ လျှောက်လွှာတင်ကြတယ်။ အခုကျတော့ မဲနှိုက်တဲ့အခါမှာ သိန်းနှစ်ရာ့နှစ်ဆယ်တန်ဖိုးကို တတ်နိုင်မှ မဲနှိုက်ခွင့်ရှိမယ်။ ဒီလို စကားတွေ ထွက်လာတယ်။ ဒါက ပြည်သူကို သတင်းမှားတွေ ပေးတာပေါ့။ ပြည်သူက သတင်းမှားတဲ့ အခါကျတော့ ကောလဟာလကို ဖြန့်သလို ဖြစ်လာမယ်။ အစိုးရက အဲလိုတစ်မျိုးပြောတဲ့ အခါကျတော့ ကျနော်တို့ ပြည်သူတွေက အခံဖက်က ချည်းပဲ။ ကျနော်တို့ ဘာလုပ်လို့ ရတော့မှာလဲ။”ဟု စစ်တွေမြို့မှ ပြည်သူတစ်ဦးဖြစ်သလို ရှေ့နေတစ်ဦးလည်းဖြစ်သည့် ကိုငြိမ်းချမ်းက RiA သို့ ပြောသည်။

လက်ငင်းဝယ်ယူရန် လျှောက်လွှာတင်ထားသူများအား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်းထားပြီးဖြစ်သလို ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူရန် လျှောက်လွှာတင်ထားသူများအားလည်း ဇွန်လ ၂၄ ရက်နေ့က အစည်းဝေးခေါ်ယူခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ဘဏ်ချေး ငွေဖြင့် အရစ်ကျဝယ်ယူမည်ဟု လျှောက်ထားသူကို ခေါ်ယူကာ လက်ငင်းဝယ်ယူရန် ပေါင်းစပ်ညှိနှိုင်းခြင်းဖြစ်ပြီး လက်ငင်းဝယ်ယူရမည်ဟု ဆုံးဖြတ်ခြင်း မဟုတ်ကြောင်းနှင့် ကြေညာခဲ့သည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

လက်ငင်းဝယ်ရန် အရေအတွက်မှာ ယခုဆောက်လုပ်ထားသည့် တိုက်ခန်းအရေအတွက်ထက် များပြားနေပြီဖြစ်သော်လည်း ပြည်သူလူထုသို့ အသိပေးခဲ့သည်အတိုင်း လျှောက်လွှာတင်ထားသူများကို မဲနှိုက်ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

“ကျနော်တို့ကတော့ ပိုက်ဆံကို လက်ငင်းလိုချင်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့က ဘဏ်ချေးငွေနဲ့ လုပ်တဲ့သူတွေ လက်ငင်း ဝယ်နိုင်သလား။ ပေါင်းစပ်ညှိနှိုင်းတာပဲ ရှိတယ်။ မဲလည်း မနှိုက်ရသေးဘူး။ တစ်ခုတော့ရှိတယ်။ လက်ငင်းဝယ်မယ်ဆိုရင် ကျနော့ဆီကို စာတစ်ဆောင်တင်ရမယ်။ အဓိတော့ မဲနှိုက်ရမယ်။ မနှိုက်လို့မရဘူး။ ပြည်သူလူထုကို ပြောထားပြီးသားလေ။”

တိုက်ခန်းများဆောက်လုပ်ပြီးခါစ ၂၀၁၇ နှစ်ကုန်ပိုင်းက ဈေးနှုန်းများကို ကျပ်သိန်း ၁၅၀ မှ ၂၂၀ ထိ သတ်မှတ်ထားပြီး တိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းရမည်ဖြစ်ကာ ကျန်ငွေကို ၁၀ နှစ် စီမံကိန်းဖြင့် အရစ်ကျ ပေးသွင်းနိုင်သလို လက်ငင်းစနစ်ဖြင့် လည်း ပေးသွင်းနိုင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုန်ပြန်ခဲ့သည်။

ရောင်းချသွားမည့် အဆိုပါ ၆ ခန်းတွဲ အဆောက်အဦး ၄ လုံးတွင် စုစုပေါင်း အခန်း ၇၂ ခန်းသာ ပါဝင်သော်လည်း ဝယ်ယူရန် လျှောက်လွှာတင်ထားသည့် အရေအတွက်မှာ အစိုးရဝန်ထမ်း ၂၆၀ ဦး၊ ကုမ္ပဏီဝန်ထမ်း ၂၁ ဦး၊ အငြိမ်းစားဝန်ထမ်း ၈၀ ဦးနှင့် ဝင်ငွေနည်း ပြည်သူ ၇၀ ဦး စုစုပေါင်း ၄၃၁ ဦးထိရှိနေသည်။

အိုးပိုင်အိမ်ပိုင်မရှိသည့် ဝန်ထမ်းပြည်သူများအတွက် အဓိကရည်ရွယ်ပြီး အဆိုပါ တိုက်ခန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဘတ်ဂျတ်ငွေ ၁ ဒသမ ၅ သန်းကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ယူ ရောင်းချပေးခဲ့ခြင်းလည်း ဖြစ်သည်။ 

သို့ရာတွင် အစိုးရက ကြောညာခဲ့သည့်အတိုင်း မလုပ်ဘဲ ပုံစံတစ်မျိုးပြောင်းလုပ်မည်ဟု ညှိနှိုင်းဆွေးနွေးသည့်အပေါ် ပြည်သူလူထု များအကြား ဝေဖန်ချက်များ ထွက်ပေါ်နေခြင်းဖြစ်သည်။



သတင်းဓာတ်ပုံ- အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများအား ဆောက်လုပ်ပြီးခါစ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကုန်ပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ-အောင်အောင်ထူး/RiA)

0 comments:

Post a Comment