Tuesday, June 26, 2018

ဝန်ကြီးဟောင်း ဦးကျော်ဝင်း တာဝန်မှ ရပ်နားသည့်အချိန်မှစ၍ ဒုသမ္မတ(၁) နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးရပ်နားထား


ဒုသမ္မတ(၁) ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးကို လစဉ်ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးကျော်ဝင်း တာဝန်မှ ရပ်နားသည့်အချိန်မှစ၍ အစည်းအဝေး ရပ်နားထားသည်မှာ နှစ်လရှိပြီဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ သိရသည်။
ဒုသမ္မတ(၁)နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် ပွဲကို ဧပြီလ ၂ ရက်တွင် နောက်ဆုံးပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းမှ တက်ရောက်မည်ဟု ပြောကြားထားသော်လည်း တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ အဆိုပါ ဝန်ကြီးဟောင်းသည် အဂတိလိုက်စားမှုရှိသည်ဟု အဂတိတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးခံနေရသည့် ဝန်ကြီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် မေလတွင် နိုင်ငံတော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုထားကြောင်း သိရသည်။

“ ဒုသမ္မတကလည်း အလုပ်တွေများနေတော့ ရက်ကိုညှိလို့မရဘူးဖြစ်နေတယ်။ အခုလည်း ရက်ကို ပြန်ညှိနေတယ်။ အမြန်ဆုံး ပြန်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တစ်ခြားကြောင့်တော့မဟုတ်ပါဘူး” ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ပထမအပတ်တွင် ဒုသမ္မတ(၁)ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးကို ပြန်လည်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ယခုတစ်ကြိမ်တွေ့ဆုံမည်ဆိုပါက (၁၈) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment