Tuesday, June 26, 2018

မူးယစ်ဆေးဝါးကိစ္စ နိုင်ငံတော်သမ္မတရုံး တိုက်ရိုက်ကိုင်မည်


မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့က တိုက်ရိုက် ဖမ်းဆီးဖော်ထုတ်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“မူးယစ်ဗဟိုအဖွဲ့က သတင်းတွေကို အောက်အဖွဲ့အစည်းကို ချမပေးဘူး။ တိုက်ရိုက်ကိုင်မယ်”ဟု ၎င်းကဆိုသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်မှုဖြစ်စဉ်များ၏ ကွင်းဆက်ပျောက်အမှုနှင့် ပိုင်ရှင်မဲ့အမှုများအတွက် ထိရောက်စွာ အရေးယူရန် နိုင်ငံတော်သမ္မတရုံးက မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ဖွဲ့စည်းထားကြောင်း ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် သမ္မတဦးဝင်းမြင့်၏မိန့်ခွန်းကိုကိုးကား၍ ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံးအနေနှင့် ယင်းကဲ့သို့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖွင့်လှစ်ကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မူးယစ် (ဗဟို) အဖွဲ့ဖြင့် အဓိက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် သတင်းအချက်အလက် ရရှိမှုအပေါ် မူတည်၍ နိုင်ငံတော်သမ္မတရုံးရှိ အထူးအဖွဲ့ကိုစေလွှတ်ကာ အချိန်တိုအတွင်း အလျင်မြန်ဆုံး ဖမ်းဆီးနိုင်ရန် စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားကြောင်း နိုင်ငံတော်သမ္မတက မိန့်ခွန်း၌ ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ ယင်းကဲ့သို့ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်အောင်က “အဲ့ဒါက သမ္မတရုံး ဆက်လုပ်ပါမယ်။ ကျွန်တော်တို့မှာ သီးခြားတော့ ဖွဲ့ထားတာ ရှိတာပေါ့နော်။ ချိတ်ဆက်ပြီး ဆောင်ရွက်မှာပါ”ဟု ဆိုသည်။

ထို့အပြင် မူးယစ်ကုန်သည်များ၊ ထုတ်လုပ်သူများ၊ တရားမဝင် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားမှုကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ပါက သတင်းပေးသူကို နိုင်ငံတော်က ထိုက်တန်သောဆုကြေးငွေ ချီးမြှင့်ကာ အခွန်ကင်းလွတ်ခွင့်ကိုလည်း ပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့အပြင် သတင်းပေး တိုင်ကြားသူများကို လုံခြုံရေးကို အလေးထားသည့်အနေနှင့် သတင်းထုတ်ပြန်မှု ပြုလုပ်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနထံမှ သိရသည်။ 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာန သီးသန့် အော်တိုတယ်လီဖုန်းနံပါတ် ဝ၆၇ - ၅၉၀၂၀၀၊ သီးသန့် ဖက်စ်ဖုန်းနံပါတ် ဝ၆၇-၅၉၀၂၃၃နှင့် အီးမေးလ်လိပ်စာ antinarcotics@presidentoffice.gov.mm တို့သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၂၆ ရက်ကထုတ်ပြန်သည်။ 

The Voice


0 comments:

Post a Comment