Thursday, June 28, 2018

သတင်းပေါက်ကြားမှုကြောင့် ကျော်ကြား မူးယစ်တရားခံ ၂၄ ဦးမှာ ၈ ဦးသာဖမ်းမိပြီး ကျန်လူတွေထွက်ပြေးသွားတယ်လို့ မန္တလေးတိုင်းအစိုးရဆို


သတင်းပေါက်ကြားမှုတွေရှိနေလို့ ကျော်ကြားမူးယစ်တရားခံ ၂၄ ဦးမှာ ၈ ဦးသာဖမ်းမိခဲ့ပြီး ကျန်တာတွေထွက်ပြေးသွားတယ်လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဒုတိယတစ်နှစ်တာသက်တမ်းကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ကျော်ကြားသတင်းထွက်ပေါ်တဲ့ မူးယစ်တရားခံ ၂၄ ယောက်ရှိပေမယ့် ၈ ယောက်သာဖမ်းမိပြီး သတင်းပေါက်ကြားမှုတွေကြောင့်၊ သတင်းပေးမှုတွေကြောင့် ကျန်တဲ့သူတွေထွက်ပြေးလွတ်မြောက်သွားတယ်လို့ ၀န်ကြီးချုပ်ကပြောတာဖြစ်ပါတယ်။

"သူတို့ကို သတင်းပေးနေသူရှိတယ်။ ဘယ်သူသတင်းပို့တယ်လို့ ကျွန်တော်မပြောဘူးနော်။ ရွှေသမင်ဘယ်ကထွက်လဲ။ ဒီမေးခွန်းကိုတော့မေးရမှာပဲ" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ယခင်ကာလတုန်းက မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးရောင်းသူကိုစောင့်ကြည့်ခဲ့ရပေမယ့် အခုခေတ်မှာခေတ်ပြောင်းသွားပြီး မူးယစ်ဆေးရောင်းသူက မူးယစ်ရဲတပ်ဖွဲ့ကိုပြန်စောင့်ကြည့်တဲ့အခြေအနေရောက်နေကြောင်း၊ သတင်းကြိုပေါက်မှုတွေရှိနေတဲ့အတွက် မူးယစ်တရားခံတွေဖမ်းဆီးမှုမှာအောင်မြင်မှုမရကြောင်း၊ တယ်လီဖုန်းသတင်းတွေရရှိကြတဲ့အတွက် ရဲတပ်ဖွဲ့ဘာလုပ်နေတယ်ဆိုတာကို မူးယစ်ဆေးရောင်းချသူတွေက သိနေကြောင်း၊ ယခင်ကာလတွေတုန်းက မူးယစ်မှုနဲ့ပတ်သက်ပြီးကျော်ကြားတဲ့နေရာတွေကိုဝင်ရောက်စစ်ဆေးခဲ့ပေမယ့် သတင်းပေါက်ကြားမှုကြောင့်ဆေးထိုးအပ် ၁၀ချောင်းလောက်သာတွေ့ရှိသိမ်းဆည်းနိုင်တာမျိုးရှိခဲ့ကြောင်း ၀န်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။

ဒါကြောင့် ရုတ်တရက်ဝင်ရောက်စီးနင်းတာမျိုးကိုဆောင်ရွက်နေတာဖြစ်ကြောင်း သူကဆိုပါတယ်။

Popular News Journal

0 comments:

Post a Comment