Thursday, June 28, 2018

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်သစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုခွင့်ပြု


ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီမှ လုပ်ငန်း ၁၂ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးအောင်က မဇ္ဈိမသို့ ပြောသည်။

ဝန်ကြီးချုပ်ဟောင်းလက်ထက်တွင် လုပ်ငန်း ၆ ခုသာ ခွင့်ပြုပေးနိုင်ခဲ့ကြောင်းပြောဆိုခဲ့ခြင်း ဖြစ်ပြီး ယခုဝန်ကြီးချုပ်သစ်လက်ထက်တွင် ၂ ဆ ပို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ တိုင်းမှာ ၀န်ကြီးချုပ် အပြောင်းအလဲဖြစ်သွားတယ်။ ၀န်ကြီးချုပ် ဦးမန်းဂျော်နီလက်ထက်မှာ လုပ်ငန်း ၆ ခု၊၀န်ကြီးချုပ်အသစ် ဦးလှမိုးအောင်လက်ထက်မှာ လုပ်ငန်း ၁၂ ခု ခွင့်ပြုထားတယ်။ ၀န်ကြီးချုပ်သစ် လက်ထက်မှာ ပိုများလာတယ် ” ဟု ညွှန်ကြားရေးမှူးဦးစိုးအောင်က ပြောသည်။

ဝန်ကြီးချုပ် ဦးမန်းဂျော်နီလက်ထက်တွင် လုပ်ငန်း ၆ ခု၊ အမေရိကန်ဒေါ်လာ ၅သန်းကျော် ၊မြန်မာကျပ်ငွေ သန်း ၁၂၀၀၀ ကျော် နှင့် အလုပ်အကိုင်အခွင့်အလမ်း ၇၁၄ နေရာရှိပြီး ၀န်ကြီးချုပ်အသစ် ဦးလှမိုးအောင်လက်ထက် တွင် လုပ်ငန်း၁၂ ခု ၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ သန်းကျော်နှင့်မြန်မာကျပ်ငွေ သန်း ၃၄၀၀၀ ကျော် နှင့် အလုပ်အကိုင် အခွင့်အလမ်း ၁၆၇၅ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (MIC) ၏ အချက်အလက်များအရ သိရသည်။

ဝန်ကြီးချုပ်ဦးမန်းဂျော်နီလက်ထက်တွင် ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ အဆင့်မြှင့်ဆန်စက်များ၊ အခြောက်ခံ စက်များ ၊ စပါးခွံမှ လျှပ်စစ်ထုတ်ယူမှု ၊ကိုးရီးယားမှ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဂဏန်းပျော့လုပ်ငန်းများ၊ အိမ်ရာအဆောက်အအုံများ၊ ငွေဆောင်ချောင်းသာရှိ  ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများ ဖြစ်သည်။

“ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေး မွေးမြူးရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု နည်းတယ် ။ အများဆုံးက ကလေးကစားကွင်း ၊ အိမ်ရာစီမံကိန်းတွေ ခွင့်ပြုထားတယ်။ တိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာ တယ်။ ဆက်ပြီးတော့ များဖို့လိုတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတွင်းရေးမှူး လည်းဖြစ်သူ ဦးစိုးအောင်က ပြောသည်။

ဝန်ကြီးချုပ်အသစ်ဦးလှမိုးအောင်လက်ထက်တွင် ဟိုတယ်လုပ်ငန်း၊အိမ်ရာဆောက်လုပ်ငှားရမ်း ရောင်းချခြင်း၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်ရောင်းချခြင်း၊ ဟိုတယ်နှင့်ကလေးကစားကွင်းလုပ်ငန်း၊ ဆန်ထုတ်လုပ် ရောင်းချခြင်း၊ အဆင့်မြင့် Shopping Mall တည်ဆောက်ခြင်း၊ အဆင့်မြင့်ရုပ်ရှင်ရုံလုပ်ငန်း ၊မြို့ပြအိမ်ရာ ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့်အပန်းဖြေစခန်းများ၊ အထည်ချုပ်စက်ရုံလုပ်ငန်းများကို တိုင်းဒေသကြီး MIC မှ ခွင့်ပြုပေးထားသည်။

MIC ခွင့်ပြုထားသည့် လုပ်ငန်း ၁၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးနှင့် မြန်မာကျပ် သန်း ၅၀၀၀၀ ၀န်းကျင် ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့်  ၂၄၀၀ ၀န်းကျင် အလုပ်အကိုင် ဖန်တီး ပေးထားကြောင်းသိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  ဧရာဝတီတိုင်းဒေသကြီးတွင် လုပ်ကိုင်ရန် လျှောက်ထား သည့် လုပ်ငန်း ၁၀ ခုကို ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၄၆၁၄၅ ကျပ်သန်းကို ရင်းနှီးမြှုပ်နှံထားပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၆၀၀ ကျော်ရှိကြောင်း သိရှိရသည်။

Mizzima - News in Burmese



0 comments:

Post a Comment