Friday, June 22, 2018

ဒေါ်လာဈေး အမြင့်ဆုံးရောက်


၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်နှုန်းသည် အမြင့်ဆုံးနှုန်းထားတစ်ရပ်အဖြစ် စံချိန်တင်ရောက်ရှိကြောင်း ဗဟိုဘဏ်၏ နှုန်းထားသတ်မှတ်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၃ ခုနှစ်မှ စတင်၍ အမေရိကန်ဒေါ်လာ သတ်မှတ်နှုန်းကို ထိန်းချုပ်ထားသောနှုန်းရှင် (Managed Floating) စနစ်ဖြင့် သတ်မှတ်ခဲ့ပြီးနောက် ယခုဒေါ်လာဈေးသည် အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာလျှင် ၁၃၇၁ ကျပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ပြင်ပဈေး၌လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံတကာတွင်လည်း ဒေါ်လာဈေး ဆက်တိုက် မြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံ၌လည်း လိုက်လံမြင့်တက်လာခြင်းဖြစ်ပြီး အချိန်တစ်ခု ရောက်ရှိလာပါက ပြန်လည် ကျဆင်းသွားမည်ဖြစ်ကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ပြောကြားသည်။

“ကင်နဲ့ ထရမ့် (မြောက်ကိုရီးယားခေါင်းဆောင်နှင့် အမေရိကန်သမ္မတ) နှစ်ယောက်တွေ့ပြီးနောက်ပိုင်းတည်းက ဒေါ်လာဈေးက တက်လာတာပေါ့။ ကမ္ဘာမှာတက်တော့ မြန်မာမှာလည်း လိုက်တက်ရတာပါ”ဟု ဈေးကွက်ကျွမ်းကျင်သူ ဦးရဲမင်းဦးက ပြောဆိုသည်။

ထို့ပြင် ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းလာခြင်းနှင့် သွင်းကုန် များပြားနေသည့်အတွက် အမေရိကန်ဒေါ်လာ ဝယ်လိုအား မြင့်တက်ခြင်းတို့ကြောင့်လည်း အမေရိကန် ဒေါ်လာဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆို သည်။

အမေရိကန်ဒေါ်လာဈေးသည် ဇွန်လ ၁၄ ရက်နေ့နောက်ပိုင်းမှစတင်၍ မြင့်တက်လာခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၂၃ ကျပ်နှင့် ဗဟိုဘဏ်နှုန်းမှာ တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၁၇ ကျပ်အထိ မြင့်တက်လာကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ပြင်ပဒေါ်လာဈေးသည် ၂၀၁၆ ခုနှစ်အတွင်းက အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာလျှင် ၁၃၇၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခုအခါမှသာ အမြင့်ဆုံးအဖြစ် ဇွန်လ ၂၁ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၃၇၃ ကျပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်နှုန်းထားမှာလည်း Managed Floating အဖြစ် စတင်သတ်မှတ်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ ငါးနှစ်အတွင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက တစ်ဒေါ်လာလျှင် ၁၃၆၆ ကျပ်အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက် ယခုအခါ အမြင့်ဆုံး နှုန်းထားအဖြစ် တစ်ဒေါ်လာလျှင် ၁၃၇၁ ကျပ်သို့ ရောက်ရှိလာ ခဲ့သည်။

Managed Floating ဆိုသည်မှာ ဗဟိုဘဏ်က ပြင်ပ ဒေါ်လာဈေးကွက်ပေါက်ဈေး မမြင့်တက်စေရန် လိုက်လံထိန်းညှိသည့်သဘောအဖြစ် ပြင်ပပေါက်ဈေးအတိုင်း လိုက်လံသတ်မှတ်သည့် စနစ်တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်စတွင်မူ ယင်းစနစ်ဖြင့် သတ်မှတ်ခြင်းအစား ပြည်ပကုန်သွယ်မှုအလိုက် သတ်မှတ်သည့်စနစ်သို့ ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်ခဲ့သည်။

The Voice


0 comments:

Post a Comment