Monday, June 25, 2018

တောင်မြောက် ကိုရီးယားနှစ်နိုင်ငံ ပူးတွဲ၍ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပရန် ဖီဖာဥက္ကဋ္ဌအား တောင်ကိုရီးယားသမ္မတ ပြောကြား


၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် တောင်ကိုရီးယားအသင်းကို အားပေးရန်အတွက် ရုရှားနိုင်ငံသို့ ရောက်ရှိနေသူ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပရန် ရည်ရွယ်ထားခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုအား ထပ်လောင်းအသိပေးပြောကြားခဲ့ကြောင်း ဇွန်လ ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတအိမ်ပြာတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတ မွန်ဂျေအင်းသည် တောင်ကိုရီးယားအသင်းက ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲ အဖြစ် မက္ကဆီကိုအသင်းနှင့် ရင်ဆိုင်ခဲ့သည့်ပွဲကို လာရောက်အားပေးစဉ်အတွင်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတ မွန်ဂျေအင်းက တောင်မြောက်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေး ပြေပြစ်မှုများ ရှိလာနေပြီဖြစ်ပြီး အဆိုပါ နှစ်နိုင်ငံ ပူးပေါင်းကာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးမှာ တစ်စတစ်စ ပိုမို နီးကပ်လာပြီဖြစ်သည်ဟု အင်ဖန်တီနိုအား အသိပေးပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်းတွင် သမ္မတ မွန်ဂျေအင်း၏ ဖိတ်ကြားချက်ဖြင့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်သို့ လာရောက်လည်ပတ်ခဲ့စဉ်က ၂၀၃၀ ပြည့်နှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအား တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားအပါအ၀င် တရုတ်၊ ဂျပန်နိုင်ငံတို့နှင့် ပူးတွဲကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန္ဒရှိကြောင်း အသိပေးပြောဆိုခဲ့သည်။

ရုရှားနိုင်ငံတွင် သမ္မတ မွန်ဂျေအင်းနှင့် ဥက္ကဋ္ဌ အင်ဖန်တီနိုတို့ တွေ့ဆုံခဲ့စဉ်အတွင်း အင်ဖန်တီနိုက တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုပါက ယခုအချိန်မှ စတင်ကာ ပြင်ဆင်မှုများ စတင်ပြုလုပ်သင့်ပြီဖြစ်ကြောင်း အကြံပြုပြောဆိုခဲ့သည်ဟုဆိုသည်။

သမ္မတ မွန်ဂျေအင်းသည် ပြည်ပနိုင်ငံတစ်ခုတွင် တောင်ကိုရီးယားအသင်း ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့ဖလားပွဲသို့ တက်ရောက်အားပေးသည့် ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ သမ္မတဖြစ်သည်။ တောင်ကိုရီးယားအသင်းက မက္ကဆီကိုအသင်းအား ၂-၁ ဖြင့် အရေးနိမ့်ခဲ့သောပွဲအပြီးတွင် သမ္မတ မွန်ဂျေအင်းသည် တောင်ကိုရီးယားအသင်း၏ အ၀တ်လဲခန်းသို့ သွားရောက်ကာ ကစားသမားများကို အားပေးစကားပြောဆိုခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ဂျပန်နိုင်ငံနှင့်အတူ ၂၀၀၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသည့်နိုင်ငံဖြစ်သည်။



(အကုန်သိသတင်းဌာန)


0 comments:

Post a Comment