Friday, June 22, 2018

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က နိုင်ငံတကာသံတမန်များနှင့် ရန်ကုန်မြို့၌ တွေ့ဆုံပြီး တံခါးပိတ်ဆွေးနွေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener က နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံပြီး ရန်ကုန်မြို့၌ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး မီဒီယာများအား ၀င်ရောက်ခွင့်မပြုသဖြင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို မသိရှိရပေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဇွန် ၁၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဇွန် ၁၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဇွန် ၁၇ ရက်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်အမျိုးသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြေပုံနှင့်စစ်တွေရှိ ဒုက္ခသည်စခန်းအချို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ ဇွန် ၁၈ ရက်တွင်လည်း တောင်ပြိုနယ်စပ်ခြံစည်းရိုးပြင်ပတွင် တရားမ၀င် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့သည် ဇွန် ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ထပ်မံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် Ms. Christine Schraner Burgener က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသော အသိုက်အ၀န်းများနှင့် တွေ့ဆုံရာမှ ယေဘုယျ လေ့လာတွေ့ရှိချက်များကို ပြန်လည်တင်ပြခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အပါအ၀င် မြန်မာအစိုးရ၏ ရခိုင်ပြည်နယ် အရေးကိစ္စအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စ၏ သိမ်မွေ့နက်နဲ ရှုပ်ထွေးမှုတို့အပေါ် အသိအမှတ်ပြုခဲ့ပြီး အသိုက်အ၀န်းများအကြား သဘောထားကြီးမားစွာ ကွဲလွဲနေမှုကြောင့် ပြန်လည်သင့်မြတ်ရေး အပါအ၀င် နေရပ်စွန့်ခွာသူများ ပြန်လာရေးအတွက် သင့်လျော်ကောင်းမွန်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်နေမှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် လုံခြုံရေး လိုအပ်နေမှုတို့နှင့် UNDP၊ UNHCR တို့နှင့် လက်မှတ်ရေးထိုးခဲ့သော MoU ကို ဆောလျင်စွာ အကောင်အထည်ဖော်ရေးတို့ကို ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိုက်အ၀န်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် သည်းခံမှုဖြင့် အချိန်ယူ ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုလည်း လိုအပ်ကြောင်း၊ အသိုက်အ၀န်းများအကြား မသင့်မြတ်မှုများမှာ ရှေးယခင်ကပင် တည်ရှိနေခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ယိုယွင်းလာခဲ့ကာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လွန်စွာဆိုးရွားသည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်း လွတ်လပ်စွာ သွားလာနိုင်မှု မရှိခြင်းမှာ လုံခြုံရေးအခြေအနေအရ စိုးရိမ်သဖြင့် မသွားရဲကြခြင်းကြောင့်သာ ဖြစ်ကြောင်း၊ ယင်းအတွက် ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ပမှ အမုန်းပွားစေသော သဘောထား အမြင်များက အသိုင်းအ၀ိုင်းနှစ်ခုအကြား ပိုမိုကွဲပြားမှုများ ဖြစ်စေလျက်ရှိကြောင်း၊ ထို့ ကြောင့် ပြဿနာအား ရှေ့ဆက်လက်၍ မည်သို့ ဖြေရှင်းမည်ကို အလေးပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

မျိုးမင်းထက်
Eleven Media Group

0 comments:

Post a Comment