Friday, June 22, 2018

နိုင်ငံပိုင် စက်သုံးဆီဆိုင်များ လွှဲပြောင်းမည့်အစီအစဉ်ဖျက်


နိုင်ငံပိုင် စက်သုံးဆီဆိုင်များ ပြည်တွင်း ပြည်ပ ကုမ္ပဏီများထံသို့ လွှဲပြောင်းမည့် တင်ဒါခေါ်ယူသည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စက်သုံးဆီဆိုင်တွေ လွှဲပြောင်းတာနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပြန်ပြင်ဆင်မယ်။ တင်ဒါအသစ် ထပ်ခေါ်သွားမယ်။ ဖျက်တာကတော့ နှစ်ဦးနှစ်ဖက်ညှိဖို့ လိုတာလေးတွေရှိလို့ပါ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ စက်သုံးဆီဆိုင်များ လွှဲပြောင်းရန် ပြည်တွင်း ပြည်ပကုမ္ပဏီများထံ ယခု နှစ်ဆန်းပိုင်းက တင်ဒါခေါ်ယူခဲ့ပြီး နိုင်ငံခြားကုမ္ပဏီများဖြစ်သည့် PUMA, India Oil အစရှိသည့် ကုမ္ပဏီများ ပါဝင်ခဲ့ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

MPPE အနေနှင့် တင်ဒါတင်သည့်ကုမ္ပဏီများ၏ အချက်အလက်ကို သဘောမကျခြင်း၊ လွှဲပြောင်းခြင်းကိစ္စများအတွက် လုပ်ထုံးလုပ်နည်းများ အဆင်သင့် မဖြစ်သေးဟုဆိုကာ တင်ဒါခေါ်ထားသည့် ကုမ္ပဏီများကို တစ်ခုမျှမပေးဘဲ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စက်သုံးဆီကုမ္ပဏီများထံမှ သိရသည်။

“တင်ဒါခေါ်တော့ ဝင်ပြိုင်ခဲ့တယ်။ အစိုးရဘက်က အဆင်မပြေတာလေးတွေ ရှိတယ်ဆိုပြီး တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေ တစ်ခုမှ မပေးလိုက်ဘူး”ဟု စင်ကာပူ အခြေစိုက် ရေနံကုမ္ပဏီ PUMA မှ ဆက်သွယ်ရေးမန်နေဂျာ ဒေါ်နန်းညီက ပြောဆိုသည်။

တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်အတွင်းက နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၆၀ ခန့်ကို ပုဂ္ဂလိကသို့ စတင်လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် MPPE လက်အောက်ရှိ လောင်စာဆီ သိုလှောင်ရုံ ၃၂ ရုံနှင့် စက်သုံးဆီဆိုင် ၁၂ ဆိုင်တွင် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၆ ခုနှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေနံကုမ္ပဏီများသည် စက်သုံးဆီ လက်လီ ရောင်းချမည်ဆိုပါက မြေနေရာ အခက်အခဲ ရှိခြင်းကြောင့် နိုင်ငံပိုင် စက်သုံးဆီဆိုင်များကို လွှဲပြောင်း လုပ်ကိုင်ခွင့်ရယူလိုပြီး ပြည်တွင်း လုပ်ငန်းရှင်များနှင့်လည်း အကျိုးတူ ပူးပေါင်းလုပ်ဆောင်လိုကြကြောင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များထံမှ သိရသည်။

The Voice




0 comments:

Post a Comment