Sunday, June 24, 2018

မောင်တောတွင် ဘင်္ဂါလီလူမျိုးများအတွက် အဝေးသင်ဌာနခွဲဖွင့်ရန်စီစဉ်

စစ်တွေတက္ကသိုလ်က မောင်တောခရိုင်အတွင်း နေထိုင်ကြသော ဘင်္ဂါလီလူမျိုးများ တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် အဝေးသင်ဌာန (ခွဲ) ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများ၊ ယခင်က တက္ကသိုလ်တက်ရောက်ခဲ့ပြီး ပြန်လည် တက်ရောက်နိုင်ခြင်း မရှိသေးသူများအနေနှင့် ၂၀၁၈ ခုနှစ် ပညာသင်နှစ်မှစ၍ တက်ရောက်နိုင်ရန် မကြာမီအချိန်တွင်းမှာ ကျောင်းလက်ခံ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“နေရာကတော့ လောလောဆယ်မှာတော့ မသတ်မှတ်ရသေးဘူး။ အဝေးသင်တက်မယ်ဆိုရင် မြန်မာစာနဲ့ သမိုင်းမေဂျာ နှစ်ခုပဲ တက်လို့ရမယ်။ သိပ္ပံတွဲဆိုရင် လက်တွေ့လုပ်ရတာတွေနဲ့ အဆင်မပြေဘူးပေါ့၊ အခြားဘာသာတွေမှာဆိုရင်လည်း ဆရာ၊ ဆရာမတွေက အခက်အခဲ ဖြစ်တာကိုး”ဟု ဒေါက်တာဝင်းနိုင်ကဆိုသည်။

မောင်တောခရိုင်တွင် အဝေးသင် ဌာနခွဲတစ်ခုဖွင့်လှစ်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

“မောင်တောမှာတက်မယ့် အရေအတွက်တွေ၊ အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာက မသိရသေးဘူး။ လာမယ့်အပတ်ထဲမှာ ရခိုင်သွားပြီးတော့ မြေပြင်အခြေအနေကိုကြည့်မယ်။ အဲဒီကျမှ သိရမယ်”ဟု ၎င်းကဆိုသည်။

မောင်တောခရိုင်တွင် အဝေးသင်ပညာဌာနခွဲတစ်ခု ဖွင့်လှစ်ရန် စစ်တွေတက္ကသိုလ်မှ မော်ကွန်းထိန်းဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ လေ့လာလျက်ရှိပြီး စတင်သင်ကြားနိုင်မည့် အခြေအနေကို ခရီးစဉ်သွားရောက်ပြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“များသောအားဖြင့်က ဝိဇ္ဇာတွဲတွေ ယူတာ များတယ်။ မြန်မာတို့၊ သမိုင်းတို့ကို အဓိက ယူတာများတယ်။ ကျောင်းသားတွေက ဘယ်ဘာသာဝင်တွေများလဲ ဆိုတာကတော့ မသိဘူး”ဟု တောင်ကုတ်ဒီဂရီကောလိပ်မှ ဒဿနိက ဘာသာရပ်သင်ကြားသည့် ဆရာမတစ်ဦးကဆိုသည်။

အဝေးသင်တက်ရောက်မည့် ဘင်္ဂါလီ လူမျိုးများအတွက် အနီးကပ်သင်တန်းကို ရန်ကုန်နှင့် စစ်တွေမှ ဆရာ၊ ဆရာမတို့ကပို့ချပြီး စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း လက်ရှိအချိန်၌ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အခြေခံပညာဦးစီးဌာန၊ အုပ်ချုပ်ရေးဌာနတို့နှင့်လည်း ညှိနှိုင်းနေကြောင်း ပါမောက္ခချုပ်ထံမှ သိရသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် စစ်တွေတက္ကသိုလ်၌ တက်ရောက်နေကြသော သံတွဲမြို့နယ်၊ မောင်တောခရိုင်စသည်တို့မှ ဘင်္ဂါလီလူမျိုးများမှာ ကျောင်းတက်ရောက်နိုင်ခြင်း မရှိခြင်းဖြစ်၍ ၂၀၁၄ ခုနှစ်မှစ၍ တက္ကသိုလ်ဆရာ၊ ဆရာမများသည် ၎င်းတို့အား အနီးကပ်ပို့ချသင်ကြားပေးပြီး စာမေးပွဲများ စစ်ဆေးပေးလျက်ရှိကြသည်။

၂၀၁၈ ခုပညာသင်နှစ်အတွက် အဝေးသင် တက်ရောက်ရန် သံတွဲမြို့နယ်အတွင်းမှ ဘင်္ဂါလီ ၁၈ ဦးနှင့် စစ်တွေမြို့ရှိ သက္ကယ်ပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ၁၆ ဦး ကျောင်းအပ်ထားပြီဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ထံမှ သိရသည်။

ဘင်္ဂါလီလူမျိုးများ အဝေးသင် တက်ရောက်မည်ဆိုပါက တက္ကသိုလ်ဝင်လမ်းညွှန်မှာပါရှိသော သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း NV Card ကိုင်ဆောင်ထားရမည်ဖြစ်ပြီး ဘွဲ့ရရှိလျှင် နိုင်ငံသား စိစစ်ရေးကတ်ရှိမှယူနိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

The Voice

0 comments:

Post a Comment