Friday, June 22, 2018

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ပြန်လည်စိစစ်လိုသူများ လျှောက်လွှာ လက်ခံပေးနေ


မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ပြန်လည်စိစစ်လိုသူတွေရဲ့ လျှောက်လွှာတွေကို လက်ခံပေးနေပြီဖြစ်ပြီး တပတ်အတွင်းမှာ လာရောက်လျှောက်ထားသူ ရာနဲ့ချီရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရန်ကုန်) က ပြောပါတယ်။

အဖြေလွှာပြန်လည်စိစစ်ဖို့ လျှောက်ထားသူတွေထဲမှာ စာမေးပွဲ ကျရှုံးသူတွေပါသလို စာမေးပွဲအောင်မြင်ပေမယ့် မိမိရရှိတဲ့ ရမှတ်အပေါ်မှာ ကျေနပ်အားရမှုမရှိတဲ့ သူတွေလည်း ပါဝင်ပါတယ်။

အဖြေလွှာတွေကို ဘာသာရပ်တခုချင်းစီအလိုက် စိစစ်နိုင်ပြီး စိစစ်ကြေးအနေနဲ့ တစ်ဘာသာကို ငွေကျပ် ၅၀၀၀ ပေးသွင်းရတာဖြစ်ပါတယ်။

အဖြေလွှာစိစစ်ဖို့ လာရောက်လျှောက်ထားသူအများစုမှာ အင်္ဂလိပ်စာနဲ့ ရူပဗေဒဘာသာရပ်ကို စိစစ်ပေးဖို့ လျှောက်ထားသူများတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက “ကျောင်းသားတွေရဲ့ ရမှတ်မှန်ကန်မှု ရှိ၊မရှိ အဖြေလွှာစိစစ်တာကိုတော့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးက စာစစ်မှူးချုပ်တွေက ဦးဆောင်ပြီး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ စိစစ်ပေးတာဖြစ်ပြီး အခုလိုစိစစ်ပြီးပါကလည်း ရမှတ် မှန်ကန်မှုရှိမရှိကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ အကြောင်းကြားလွှာ ပြန်လည်ပေးပို့သွားမှာပါ။ လျှောက်ထားတဲ့ ကျောင်းသားတွေကတော့ မိမိတို့ဖြေလွှာကို ပြန်လည်ကြည့်ရှုခွင့် ရရှိမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

အဖြေလွှာပြန်လည်စိစစ်ဖို့ လျှောက်ထားတဲ့ ကျောင်းသားတွေဟာ တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီး အရင်ပညာသင်နှစ်ကတော့ လျှောက်ထားသူ ၆၀၀ နီးပါးရှိခဲ့ပါတယ်။

ဒီနှစ်ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဦးရေ ၇ သိန်း ၈ သောင်းကျော်ရှိခဲ့ပြီး အောင်မြင်သူကတော့ ၂ သိန်းခွဲကျော်ရှိခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဆုဆုသွယ်
DVB

0 comments:

Post a Comment