Monday, June 25, 2018

ဘဏ်အမျိုးအစား မတူသည့် MPU ကတ်အချင်းချင်း စာရင်းလွှဲသည့်စနစ် ဘဏ်အချို့ စတင်စမ်းသပ်


ဘဏ်အမျိုးအစားမတူသည့် MPU ကတ်အချင်းချင်း စာရင်းလွှဲပြောင်းနိုင်မည့်စနစ်ကို ပုဂ္ဂလိကဘဏ် သုံးခုခန့်က စတင်စမ်းသပ်နေပြီဖြစ်ကြောင်း Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။
ကတ်အချင်းချင်း စာရင်းလွှဲပြောင်းနိုင်သည့်စနစ်ဆိုသည်မှာ ဘဏ်ဝန်ဆောင်မှု သုံးစွဲသူသည် ဧရာဝတီဘဏ်မှ ထုတ်ထားသည့် MPU ကတ်အကောင့်ထဲတွင် ငွေတစ်သိန်း ထည့်ထားပါက ကမ္ဘောဇဘဏ်မှထုတ်ထားသည့် MPU ကတ်အကောင့်သို့ အဆိုပါ ငွေတစ်သိန်းကို စာရင်းလွှဲပြောင်းနိုင်ခြင်းဖြစ်ပြီး အလားတူ အခြားသော ဘဏ်များမှထုတ်သည့် ကတ်များ အချင်းချင်းလည်း ငွေစာရင်း လွှဲနိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

“MPU က နည်းပညာနဲ့ပတ်သက်လို့ အဆင်သင့်ဖြစ်နေပြီ။ ဒီဟာက ဘဏ်အချင်းချင်း နည်းပညာတွေ ချိတ်ရဦးမှာ ဖြစ်တဲ့အတွက် ဘဏ်တွေ စနိုင်တဲ့အချိန်ကိုပဲ စတင်လို့ရမယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်းဖြစ်စေ၊ နယ်ကိုဖြစ်စေ ငွေလွှဲမည်ဆိုပါက နှစ်ဦးနှစ်ဖက်က MPU ကတ်များ ကိုင်ထားခြင်းဖြင့် ဘဏ်သို့ သွားရောက်စရာမလိုဘဲ ကတ်အချင်းချင်း ငွေလွှဲနိုင်ကာ အချိန်မရွေးငွေထုတ်နိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အခုကို ကမ္ဘောဇဘဏ် ကတ်အချင်းချင်းပဲ ငွေလွှဲလို့ရသေးတယ်။ ကျန်တဲ့ဘဏ်တွေရဲ့ကတ်တွေကို ငွေလွှဲလို့ မရနိုင်သေးဘူး။ ကတ်ကငွေလွှဲရင် ATM စက်တွေမှာ အချိန်မရွေး ငွေထုတ်နိုင်တဲ့အတွက် အချိန်ကုန် သက်သာပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းစနစ် စတင်မည်ဖြစ်သော်လည်း ငွေစာရင်း လွှဲပြောင်းခနှင့်ပတ်သက်၍ အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်ပြီး ဘဏ်များတွင် လက်ရှိကောက်ခံနေသည့် ငွေလွှဲဝန်ဆောင်ခထက် ပိုမိုကောက်ခံမည်မဟုတ်ဘဲ ဝန်ဆောင်ခများကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်အချို့ထံမှ သိရသည်။

MPU အဖွဲ့ကို ပြည်တွင်းဘဏ် ၂၃ ဘဏ်ဖြင့် ဖွဲ့စည်းထားပြီး ယင်းအနက်မှ ဘဏ် ၂၀ နီးပါးက MPU ကတ်များကို ၂၀၁၃ ခုနှစ်တည်းက စတင် ထုတ်ဝေခဲ့ကာ ယခုအချိန်တွင် ကတ်သုံးစွဲသူပေါင်း ငါးသန်းကျော်ရှိပြီဖြစ်ကြောင်း MPU အဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment