Friday, June 22, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်က တရားဝင် ကန့်ကွက်ခဲ့သော်လည်း မြန်မာပိုင်နက် ခြံစည်းရိုးအနီးအထိ နေအိမ်များ တိုးချဲ့ တည်ဆောက်လာကြောင်း သိရ


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်မှ တရားဝင် ကန့်ကွက်ခဲ့သော်လည်း မြန်မာပိုင်နက် ခြံစည်းရိုးအနီးအထိ နေအိမ်များ တိုးချဲ့ တည်ဆောက်လာကြောင်း သိရသည်။

“အခုဆိုရင် နေအိမ်တွေက ခြံစည်းရိုးနားအထိ တိုးချဲ့ တည်ဆောက်ထားတာကို တွေ့ရတယ်။ ခြံစည်းရိုးအနားအထိ တိုးလာတာက လူဦးရေ တိုးလာလို့လား။ နေရာပြောင်းတာလားတော့ မသိဘူး။ အဲဒီကန့်ကွက်ထားတဲ့ နေရာမှာ လူတွေ လျော့သွားတာ မရှိဘူး။ အဆောက်အအုံတွေလည်း အရင်အတိုင်း တွေ့ရသေးတယ်” ဟု တောင်ပြိုနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်ခွင့် မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမ၀င် တိုးပွားလာမှုကို သတင်း ဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာ ရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ တရားဝင် ကန့်ကွက်ကြောင်း၊ ၎င်းအပြင် အာဆာအကြမ်းဖက်အဖွဲ့ များ ရောနှော ၀င်ရောက်လာကြောင်း သိရသဖြင့် ကာကွယ်တားဆီးပေးရန် နှင့် အဆိုပါနေရာ၌ မေ ၆ ရက်မှ မေ ၈ ရက်အထိ ယာယီတဲအသစ် ရှစ်လုံး ဆောက်လုပ်ထားသည်ကို တွေ့ရကြောင်း မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် မြန်မာဘက်ခြမ်း (တောင်ပြို-၀ဲ ၀င်ထွက်) တံတားအနီး ရှင်းလင်းဆောင်၌ ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဖြစ်စဉ် ဖြစ်ပြီးကတည်းက ပြောင်းရွှေ့ဒုက္ခသည်များ ယခုအချိန်အထိ နယ်နိမိတ်မျဉ်းအနီး နေထိုင်လျက်ရှိပြီး ၎င်းတို့ဘက်မှ ထောက်ပံ့မှုများ မရှိကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံနှင့် ပတ်သက်၍ နယ်စပ်ရေးရာကိစ္စ ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရှိပါကြောင်း၊ သို့ရာတွင် နေရပ် စွန့်ခွာသူများမှာ ကမ္ဘာ့အဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်၍ရနေခြင်း ဖြစ်ပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများဖြစ်၍ ကမ္ဘာ့အဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ကန့်ကွက်၍ မရပါကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးက အဆိုပါတွေ့ဆုံပွဲ၌ ပြန်လည်ဆွေးနွေးရာတွင် ပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၀ ဦး နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလားတူ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် CCTV ကင်မရာ လေးလုံး တပ်ဆင်ခြင်းနှင့် လုံခြုံရေး ဆိုလာမီးတိုင် ၁၀ တိုင် တပ်ဆင်ထားခြင်းများသည် တစ်ဖက် နိုင်ငံနယ်မြေ အခြေအနေများ နှင့် လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းရယူခြင်းဖြစ်၍ ကုလသမဂ္ဂ စည်းမျဉ်းအရ မလုပ်သင့်သည်ကို လုပ်သည့်သဘောဖြစ်၍ အမြန်ဖယ်ရှား ပေးစေလိုကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် လူဦးရေ တိုးပွားလာမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လျစ်လျူရှုပြီး ထောက်ခံအားပေးသည့် သဘောဆောင်နေကြောင်း၊ အိမ်ထောင်စုများ တိုးချဲ့လာမှု၊ ရွှေ့ပြောင်းလာမှုများကို ထိန်းသိမ်းရန်အတွက် အသံချဲ့စက်ဖြင့် သတိပေး တားမြစ်မှုများ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပူးပေါင်း ဆောင်ရွက်ပါက မိမိတို့အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် မလိုကြောင်း မေ၂၃ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးက ကန့်ကွက်ပြောဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဇုန်အတွင်း တဲအသစ်များ ထပ်မံ တိုးချဲ့ဆောက်လုပ်ခြင်းများ ရပ်ဆိုင်းစေလိုပြီး ရိက္ခာလာရောက် ပေးပို့မှုများနှင့် လုံခြုံရေး လိုက်ပါကူညီပေးနေမှုများကို ကန့်ကွက်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် ဇွန် ၁၈ ရက် မောင်တောခရီးစဉ်တွင် တောင်ပြိုနယ်စပ် ခြံစည်းရိုးပြင်ပ၌ တရားမ၀င် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဇုန်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့် ဘင်္ဂါလီ အိမ်ထောင်စု ၁၀၀၀ ကျော် တရားမ၀င် နေထိုင်နေကြောင်း နှင့် ၎င်းတို့အား မြန်မာအစိုးရ တာဝန်ရှိသူများက ပြန်လည်လက်ခံရေး ကိစ္စများနှင့်ပတ်သက်ပြီး အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ဘင်္ဂါလီငါးဦးမှအပ ကျန်ဘင်္ဂါလီများ ပြန်လည် ၀င်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးအကြား (နယ်စပ်မှတ်တိုင် ၃၄ အနီး) နေထိုင်ခဲ့သော မောင်တောမြို့နယ် တောင်ပြိုလက်ယာ ကျေးရွာနေ အဲဖ်တာအာလွမ် အပါအ၀င် မိသားစုဝင် ငါးဦးသည် စားဝတ်နေရေး အခက်အခဲရှိပြီး ကျန်းမာရေး ဆိုးရွားစွာဖြင့် ဒုက္ခမျိုးစုံ ခံစားနေရသဖြင့် နိုင်ငံအတွင်း ပြန်လည် ၀င်ရောက်ခွင့်ပြုပါရန် တင်ပြသဖြင့် အဆိုပါတင်ပြချက်အပေါ် အဆင့်ဆင့် တင်ပြခဲ့ရာ တရားဝင် လက်ခံရေးစခန်းမှ တစ်ဆင့် ၀င်ရောက်ခွင့်ရရှိခဲ့ပြီး ၁၃-၄-၂၀၁၈ ရက်တွင် တောင်ပြိုလက်ဝဲ ၀င်ထွက်ဂိတ် (နှစ်နီုင်ငံ ချစ်ကြည်ရေးတံတားအနီး)မှ တောင်ပြိုလက်ဝဲ စိစစ်ရေးစခန်းသို့ အဲဖ်တာအာလွမ် နှင့် မိသားစုများ ရောက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

သားရွှေဦး
Eleven Media Group

0 comments:

Post a Comment