Tuesday, June 26, 2018

ဒေါ်လာ ၃၂၃ သန်းကျော်တန် သန်လျင်တံတားအမှတ် (၃) စီမံကိန်းကို လာမည့်နိုဝင်ဘာတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လဆန်း၌ ပြီးစီးရန်မျှော်မှန်း


ဒေါ်လာ ၃၂၃ သန်းကျော်တန် သန်လျင်တံတားအမှတ် (၃) စီမံကိန်းကို လာမည့်နိုဝင်ဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လဆန်း၌ပြီးစီးရန် မျှော်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် (၃) တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ ရန်ကုန်-သီလ၀ါအထူးစီးပွားရေးဇုန်မှ ရန်ကုန်မြို့ရှိ စီးပွားရေးဇုန်များနှင့် ဆက်သွယ်ရာတွင် အချိန်ကြန့်ကြာမှုနှင့် ယာဉ်ကြောကျပ်တည်းမှုမရှိစေရန်၊ နိုင်ငံတကာ အဆင့်မီရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်သည်။

သန်လျင်တံတား အမှတ်(၃)ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည် ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည် ဖြစ်သည်။

သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီ တာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီ တာရှည်လျားသည်။ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိကာ သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။ Flyover Bridge  ချဉ်းကပ်တံတားအပိုင်းတွင် သာကေတ ဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတတာရှိပြီး လေးလမ်းသွားပင် မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Flyover Bridge  အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း)နှင့် တစ်လမ်းသွား On – ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့် လမ်း) ဖြစ်သည်။ တံတား၏ ကိုယ်ထည်ကို Steel Box Grider ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ် စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန်အဖြစ် သတ်မှတ်ထားသည်။

သန်လျင်တံတား အမှတ် (၃) ၏ ပုံစံကို ဂျပန်နိုင်ငံမှ အကူအညီပေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ တည်ဆောက်မည်ဖြစ်ကာ ဆောက်လုပ်ရေးတွင် မြန်မာအင်ဂျင်နီယာအချို့ အားဖြည့်၍ ဂျပန်နိုင်ငံ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။ တံတားကို ယခုနှစ် နိုဝင်ဘာလဆန်းတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လဆန်းတွင် ပြီးစီးရန် မျှော်မှန်းထားသည်။

ပဲခူးမြစ်ကူးတံတားတစ်စင်းဖြစ်သည့် သန်လျင်တံတား အမှတ် (၃) ကို JICA ၏ ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါချေးငွေမှ ဒေါ်လာ ၂၈၂ ဒသမ ၅၄၀ သန်းနှင့်ပြည်တွင်းမှ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း စုစုပေါင်းဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့် ခန့်မှန်းစီမံကိန်းတန်ဖိုးရေးဆွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ တံတားစီမံကိန်းကြောင့် ရန်ကုန်-သီလ၀ါ အထူးစီးပွားရေးဇုန် ဆက်သွယ်ရေးကောင်းမွန်လာမည့်အပြင် ရန်ကုန်မြို့အပါအ၀င် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွစသည့် မြို့နယ်များမှ ပြည်သူများ၏ လူမှုစီးပွားတိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment