Monday, June 25, 2018

ဝန်ကြီးများအား ထိန်းကျောင်းသည့်အပိုင်းတွင် NLD ပါတီမှ ၀င်ရောက်စွက်ဖက်ခြင်းမရှိဟု ဒေါက်တာဇော်မြင့်မောင် ပြောကြား


ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့်ဝန်ကြီးများကို ထိန်းကျောင်းသည့်အပိုင်းတွင် ပါတီမှဝင်ရောက်စွက်ဖက်ခြင်းမရှိဟု NLD ပါတီ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ MCC ခန်းမတွင်ပြုလုပ်ခဲ့သော NLD ၏ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

" ၀န်ကြီးတွေကို ထိန်းကျောင်းဖို့ ဆိုတာက ပါတီက ဘယ်တော့မှမစွက်ဖက်ပါဘူး။ ကျွန်တော်တို့မှာ အခြေခံဥပဒေမှာ ပါပြီးသားပါပဲ။ ကျွန်တော်တို့ရဲ့မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ရယ်၊ ဥပဒေပြုရေးမဏ္ဍိုင်ရယ်၊ တရားစီရင်ရေးမဏ္ဍိုင်ရယ်က တတ်နိုင်သမျှ အပြန်အလှန်ထိန်းကျောင်းရမယ်ဆိုပြီးဖြစ်ပါတယ်" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဝန်ကြီးများ၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး လွှတ်တော်မှ သုံးသပ်ဆွေးနွေးမေးခွန်းမေးမြန်းမှုများကို ဆောင်ရွက်သည်ဟု ၄င်းကဆိုသည်။

" အဲဒီလို သုံးသပ်တာတွေပေါ်မှာမူတည်ပြီးတော့ တိုင်ကြားစာဌာနကိုတင်တယ်ဆိုလို့ရှိရင် ပါတီဝင်ဖြစ်တဲ့ ၀န်ကြီးတွေဆိုရင် ပါတီစည်းကမ်းထိန်းသိမ်းရေးက သတိပေးတာတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအဆင့်ဝန်ကြီးတွေရယ်၊ ၀န်ကြီးချုပ်တွေပဲ အပြောင်းအလဲလုပ်တာပါ၊

အကဲဖြတ်တာ ကျွန်တော်တို့ပါတီက အကဲဖြတ်တာမဟုတ်ပါဘူး၊ လွှတ်တော်ကလည်းသုံးသပ်ပါတယ်။တိုင်ကြားစာတွေပြီးတော့မှသာလျှင် ကျွန်တော်က ဒီဝန်ကြီးတွေကို အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူခြင်းဖြစ်ပါတယ်" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD အစိုးရလက်ထက်၂နှစ်ကျော်ကာလအတွင်း၌ ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ ဒုတိယ ၀န်ကြီးတစ်ဦး၊ ၀န်ကြီးချုပ်နှစ်ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ၇ဦးကို ရာထူးမှနှုတ်ထွက်စေခဲ့သည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment