Thursday, June 28, 2018

ရခိုင်ပြည်နယ်အစိုးရကို ဒေါက်တာအေးမောင်ဝေဖန်


နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသော ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပုံရိပ်ကျဆင်းနေသည်ဟုဆိုကာ ပြန်လည်ဆင်ခြင်သုံးသပ်ရန် ဇွန်လ ၂၇ ရက် ရုံးချိန်တွင် ဝေဖန်လိုက်သည်။ 

အစိုးရတစ်ရပ်တွင် ပုံရိပ်သည်အရေးကြီးပြီး မိမိပြုမူခြင်းကြောင့် မိမိတို့ အစိုးရပုံရိပ်မကျစေရန် အရေးကြီးသည့်အတွက် တိုင်းအစိုးရအဖွဲ့သော်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့သော် လည်းကောင်း ပုံရိပ်ကျလျှင် ပြည်ထောင်စုအစိုးရကို ထိခိုက်စေကြောင်း၊ လက်ရှိအချိန်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနှင့် ပုံရိပ်မည်မျှခန့် ကျဆင်းနေသည်ကို စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ကိုယ့်အမှားရှိရင် နုတ်ထွက်ရဲရမယ်။ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် ကိုယ့်ပုံရိပ်ဟာ အစိုးရအပေါ်မှာ ဘယ်လောက်ထိခိုက်သွားပြီးတော့ ဒုက္ခပေးနေပြီးလဲ အဲဒါမျိုးဆိုရင် ကိုယ့်ပုံရိပ်ကို ပြန်စဉ်းစားရမယ်။ လူထုနဲ့ ဘယ်လောက်နီးစပ်သလဲ၊ လူထုနဲ့အတူသွားတဲ့ အစိုးရတိုင်းဟာ လူထုရဲ့ တုံ့ပြန်မှု ဝေဖန်မှုတွေကို နားထောင်ရတယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ပြည်သူလူထုက ပြည်နယ်အစိုးရအဖွဲ့ကို ဝေဖန်ပြောဆိုခြင်းများကို အလေးအနက်မထားဘဲ ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုရန် အစိုးရအဖွဲ့ ကိုယ်စားလက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်နေခြင်းမှာ မိမိအစိုးရ၏ ပုံရိပ်ကိုထိခိုက်နေခြင်းသာမက ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ထိခိုက်နေကြောင်း၊ သတိရှိပါက ပြန်လည်သုံးသပ်ဆင်ခြင်ရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ရခိုင်ပြည်နယ်တွင် အစိုးရအဖွဲ့သည် ၂ နှစ်ကျော်ကာလအတွင်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးကို နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခြင်း၊ မြောက်ဦးမြို့အဓိကရုဏ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခံ၍ ဒဏ်ရာရရှိနေသော လူငယ် ၈ ဦးကို ဖမ်းဆီးတရားစွဲဆိုခြင်းတို့ ပြုလုပ်ထားသည်။

ထို့အပြင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး စစ်တွေမြို့မှ မြို့မိ၊ မြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ အပါအဝင် ၆၆ (ဃ)၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ဥပဒေပုဒ်မ ၁၀ တို့အပြင် ပေါက်ကွဲမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု စသည်ဖြင့် ဖမ်းဆီးကာ တရားစွဲဆိုထားသည်။ 

The Voice


0 comments:

Post a Comment