Sunday, August 19, 2018

ဒေါ်အောင်ဆန်းစုကြည်အား သတ်ဖြတ်မည်ဟုရေးနေသော အကောင့်ပိုင်ရှင်မှာ သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ တွင်မရှိဟု ဆို


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ရေးသားနေသော အကောင့်ပိုင်ရှင်သည် သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ နှင့်လုံးဝမဆိုင်သကဲ့သို့ အဖွဲ့ တွင်လည်း အဆိုပါပုဂ္ဂိုလ်နှင့်နာမည်တူပင် မရှိကြောင်း သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ ဘက်က အသိပေးပြောကြားလိုက်သည်။

AungPyae Phyo အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတ်ဖြတ်ပြမည်ဟုခြိမ်းခြောက်ပြောဆိုရေးသားနေမှုများနှင့် ၄င်း၏ကိုယ်ပိုင်စာမျက်နှာအချို့ တို့ တွင် သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်ဟု အတိအလင်းသုံးစွဲထားသဖြင့် ၄င်းတို့ အတွက်လည်း အများပြည်သူအထင်မှားစရာများ ဖြစ်ပေါ်ခံစားနေရကြောင်း သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ မှ ကိုရဲသီဟက အကုန်သိသတင်းဌာနသို့ သြဂုတ်လ ၁၉ ရက်တွင် ပြောသည်။ " ကျွန်တော်တို့ က အဲဒီလောက် မရိုင်းပါဘူးဗျာ။ ကိုယ့်အမေအရွယ်အဖွားအရွယ်ကို ဒီလိုမျိုး ဘယ်လိုလုပ်သင့်မလဲ။ ခက်တာက အဲဒီလိုပြောဆိုနေတဲ့ အကောင့်တုပိုင်ရှင်က ကျွန်တော်တို့ သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်ဆိုတဲ့ နာမည်ကို ထပ်ခါထပ်ခါသုံးနေတာ " ဟု ကိုရဲသီဟက ပြောသည်။ AungPyae Phyo အကောင့်ပိုင်ရှင်သည် ၄င်းတို့ သုံးခွမြို့ပြည်ခိုင်ဖြိုးပါတီလူငယ်က တင်ခဲ့သော စာအများစုကို ပြန်လည်ကူးယူ၍ ထပ်ဆင့်ဖော်ပြနေခြင်းမျိုးဖြစ်ပြီး ယင်းအချက်သည်ပင်လျှင် ပါတီ၏ပုံရိပ်နှင့် ၄င်းတို့ အဖွဲ့ ၏ပုံရိပ်ကို ညစ်နွမ်းစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းမျိုးဖြစ်နေသည်ဟု ဆိုသည်။ " ကျွန်တော်တို့ မြို့နယ် လူငယ် ၇ ယောက်ထဲမှာ အောင်ပြည့်ဖြိုးဆိုတဲ့ နာမည်နဲ့ လူမပါဘူး။ မြို့နယ်ကို ပြောပြပြီးပြီ။ ကျွန်တော်တို့မြို့နယ်က မဟုတ်တဲ့အတွက် ပါတီပုံရိပ်နဲ့ ကျွန်တော်တို့ ပုံရိပ်ကို သက်သက်အရောင်ဆိုးတယ်လို့ သဘောထားသတ်မှတ်ပြုထားတာပဲ။ ညွန်ကြားချက်ကတော့ ကြေညာချက် သို့မဟုတ် ရှင်းလင်းချက်ထုတ်ဖို့ပါပဲ " ဟု ကိုရဲသီဟက ဆက်လက်ပြောကြားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ရေးသားပြောဆိုနေသော AungPyae Phyo အမည်ရှိ လူမှုကွန်ရက်အကောင့်ကိုလည်း ရဲတပ်ဖွဲ့ က ရှာဖွေစုံစမ်းနေပြီဖြစ်ပြီး ဥပဒေအရ အရေးယူသွားနိုင်ရန် အချက်အလက်များ ရှာဖွေစုဆောင်းနေပြီဖြစ်ကြောင်းလည်း သိရသည်။ 

မိုးတိမ် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment