Thursday, August 16, 2018

ရခိုင်အရေး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင် မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်


ရခိုင်ပြည်နယ်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ ဘယ်လိုလူမျိုးနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း  မစ္စရိုဆာရီယိုမယ်နာလိုက ပြောကြားလိုက်တာပါ။
ဘယ်အဆင့်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို အဓိကထား မေးမြန်းသွားမလဲလို့ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို “ဘယ်သူ့ကို မေးမယ်ဆိုတာထက် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ဘယ်လိုလူမျိုးနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါပဲ” လို့ ရိုဆာရီယိုမယ်နာလိုက ပြောပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မြန်မာနိုင်ငံကို အပြစ်ရှာတဲ့အဖွဲ့ မဖြစ်ဖို့ လိုတယ်လို့ တချို့ပုဂ္ဂိုလ်တွေက ပြောဆိုထားတာကြောင့် အခက်အခဲ၊ စိန်ခေါ်မှုတွေ ရှိလာနိုင်လား ဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကို အခုလို ပြန်လည်ဖြေဆိုထားပါတယ်။
“ဘယ်သူ့ကိုမှ အပြစ်တင်မှာ မဟုက်ပါဘူး။ ကော်မရှင်ကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆောင်ကြဉ်းနိုင်ဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ သမာသမတ်ရှိဖို့နဲ့ မြန်မာနိုင်ငံအပေါ် အပြစ်ရှာတဲ့ လုပ်ရပ်မျိုး မလုပ်မိဖို့ ကြိုတင်သတိပေး ပြောကြားထားတာ ဖြစ်ပါတယ်။
ဒီကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို၊ အဖွဲ့ဝင်တွေအဖြစ် လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုအတွင်းရေးမှူးချုပ်ဟောင်း ကင်ဇိုအိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်း ဒေါက်တာအောင်ထွန်းသက်တို့နဲ့  ဇူလိုင် ၃၀ ရက်နေ့မှာ မြန်မာအစိုးရက ဖွဲ့စည်းခဲ့တာပါ။
သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလိုဟာ သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံ ရောက်ရှိခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ကာ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန် သတ်မှတ်ချက်တွေနဲ့ ကော်မရှင်ကို အကူအညီပေးမယ့် အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
ကော်မရှင်ရဲ့ အဓိကလုပ်ငန်းတာဝန်တွေထဲမှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး ပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းစစ်ဆေးရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေမှာ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ ပါဝင်ပါတယ်။
ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ၁၉၅၀ ခုနှစ် စုံစမ်းစစ်ဆေးရေးကော်မတီ အက်ဥပဒေကို မူတည်ပြီး လုပ်ငန်းတာဝန်ကို ရေးဆွဲထားတဲ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတို့ကို ကိုးကား ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ကော်မရှင်အနေနဲ့ သက်သေခံ အချက်အလက်တွေ တောင်းခံတဲ့နေရာမှာ သက်ဆိုင်ရာ အစိုးရအရာရှိတွေ၊  အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင် တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စုံစမ်းစစ်ဆေးရာမှာ ကော်မရှင်အနေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို စုံစမ်းဆေးမှာ ဖြစ်သလို  တွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး စုံစမ်းစစ်ဆေး လေ့လာတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ တင်သွင်းမယ်လို့လည်း သိရပါတယ်။

DVB

0 comments:

Post a Comment