Thursday, August 16, 2018

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကျင်းပ


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အကြံပေးအဖွဲ့၏ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးတည်သည့် အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁၆ ရက်၊ ညနေ ၃ နာရီခွဲတွင် နေပြည်တော် ရှိ M-Gallery Hotel၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ H.E. Dr. Surakiart Sathirathai က ယနေ့ အကြံပေးကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်သွင်းခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အစောပိုင်း ကတည်းက စတင်အကောင်အထည် ဖော်ဆောင်ခဲ့သည့် အကြံပြုချက်များနှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြ လိုကြောင်း၊ ထိုအချိန်ကတည်းက ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စ ကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ယခု သြဂုတ်လတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အစီရင်ခံစာတင်သွင်းခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်မည် ဖြစ်ပါကြောင်း၊ ပထမဆုံး မိမိအနေဖြင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ခဲ့သည့် အကောင်အထည် ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ချီးကျူးပါကြောင်း။
ဒုတိယအနေဖြင့် အကြံပေးကော်မတီ၏ အကြံပြုချက်များကို သေချာစွာ အကောင်အထည်ဖော်သော အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ၏ ကြိုးပမ်းမှုများအပေါ် စိတ်ကျေနပ်မှုရှိသည်ဟု မိမိ ပြောကြား လိုကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလနောက်ပိုင်း အပြုသဘောဆောင် သော တိုးတက်ဖြစ်ထွန်းမှု များ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ဥပမာ ရခိုင်ပြည်နယ်သို့ မီဒီယာများကို ပိုမို၍ သွားရောက်ခွင့်ပြုခဲ့သကဲ့သို့ ရခိုင်ပြည်နယ်သို့ သံတမန်အဖွဲ့များ၊ အကြံပေးဘုတ်အဖွဲ့ဝင်များ၏ သွားရောက်လည်ပတ်မှုများ ပိုမိုရှိလာခဲ့ပါ ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်လည်း နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည့်ကိစ္စကို ရှင်းပြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ သွားရောက်ခဲ့ပါကြောင်း။
ပို၍အရေးကြီးသည်မှာ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့ကြား ဆက်ဆံရေး သည် တိုးတက်လာခဲ့ပါကြောင်း၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့တို့အကြား အထူးသဖြင့် United Nations High Commissioner For Refugees (UNHCR)၊ United Nations Development Programme (UNDP)တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
မြန်မာနိုင်ငံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန်ဖြစ်သူ သံအမတ်ကြီး Christine Schraner Burgener ကိုလည်း လက်ခံခဲ့ပါကြောင်း၊ အထူးသံတမန်သည် မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေသော အခက်အခဲများကို ကူညီဖြေရှင်းပေးရန် စိတ်အားထက်သန်သူဖြစ်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် လာရောက်မည်ဖြစ်ပါကြောင်း၊ အကြံပေးကော်မတီ၏ သိသာထင်ရှားသော ဆောင်ရွက်ချက် တစ်ရပ်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry)တစ်ခု ဖွဲ့စည်းရေးဖြစ် ပါကြောင်း။
မိမိတို့အကြံပေးအဖွဲ့၏အမြင်သည် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သော တိုးတက်ဖြစ်ထွန်းမှုများစွာရှိခဲ့ပြီး ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလအတွင်း အကြံပေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီးချိန်ကတည်းက အကြံပေးဘုတ်အဖွဲ့၏ အကြံပြုချက်အားလုံးကို အကောင်အထည်ဖော်ဆောင်ပြီး ဖြစ်ပါကြောင်း၊ ယခု အပြီးသတ် အစီရင်ခံစာတွင် မိမိတို့အနေဖြင့် အကြံပြုချက် အချို့ကို ထည့်သွင်း ထားကြောင်း။
ဥပမာ စံပြမြို့နယ်တစ်ခုတည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း၊ ရှေ့ပြေးစီမံကိန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှု၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုနှင့် ရွေ့လျားဆေးခန်းတို့ကို အလေးထားဆောင်ရွက်သင့်သည်ဟု အစီရင်ခံစာအတွင်း မိမိတို့ အကြံပြုထားကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်နေ အသိုင်းအဝိုင်းများအကြား အချင်းချင်း ဆွေးနွေးမှုပြုလုပ်သင့်ကြောင်းကိုလည်း အကြံပြုခဲ့ကြောင်း၊ ယင်းအချက်မှာ ရခိုင်ပြည်နယ် အတွင်း မတူညီသော အသိုင်းအဝိုင်း များအကြား ရေရှည်ဖြေရှင်းနည်းဖြစ်ပါကြောင်း၊ အကြံပေး ဘုတ် ကော်မတီအဖွဲ့ဝင်အချို့က လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ခရီးစဉ်များအပေါ် ဆန်းစစ်အကဲဖြတ်ရန် မြန်မာအစိုးရနှင့် လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း။
ဥပမာ ပါမောက္ခ လော့ဒ်ဒါဇီက ရွေ့လျားဆေးခန်းကိစ္စနှင့် စစ်တွေဆေးရုံ အဆင့်မြှင့်တင်ရေး လုပ်ဆောင်ရန် ဆန္ဒပြင်းပြပါကြောင်း၊ မိမိညာဘက်ရှိ ရိုလော့ဖ်ပတ်ထရပ်စ်ကလည်း မတူညီသည့် အသိုင်းအဝိုင်းများအကြား ဆွေးနွေးမှုများပြုလုပ်ပုံနှင့်ပတ်သက်၍ တောင်အာဖရိကနိုင်ငံ၏ အတွေ့ အကြုံ ကို မျှဝေပေးလိုပါကြောင်း။
ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာအတိုင်း စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရာတွင် မတူညီသော အသိုင်းအဝိုင်းများအကြား ဆွေးနွေး မှုများပြုလုပ်ရာတွင် အရေးကြီးပါကြောင်း၊ အကြံပေး ဘုတ်အဖွဲ့က ကော်မရှင် များ၏ လုပ်ဆောင်ချက်များကို အထောက် အကူပြုစေရန် နေရပ်စွန့်ခွာသူများ၏ အမည်များကို ဖော်ပြပေး လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက အကြံပေးအဖွဲ့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများ၏ နိုင်ငံသားဖြစ်ခွင့် အခြေအနေ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ဖိအားပေးမှုများကို အစိုးရအနေဖြင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေနှင့် အကြံပေးအဖွဲ့၏ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ ပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်သည့် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ သိလိုသည် များကို မေးမြန်းကြရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ H.E. Dr. Surakiart Sathirathai ၊ Mr. Roelof Petrus (Roelf) Meyer ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ အငြိမ်းစားကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဦးထွန်းမြတ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဒေါက်တာခင်ညို၊ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ တက်ရောက်ကြသည်။

Credit - Information Committee
The Ladies News

0 comments:

Post a Comment