Sunday, August 12, 2018

ရန်ကုန်၌ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာများ ဖော်ထုတ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးပြော


ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာများ ဖော်ထုတ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရေးအတွက် စတုတ္ထအကြိမ်မြောက် ခရီးသွားပြပွဲကို သြဂုတ်လ ၄ ရက်နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ “ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေက ကျွန်တော်တို့နိုင်ငံကို လာလည်ပြီဆိုရင် ရန်ကုန်မြို့ကို အရင်ရောက်ပါတယ်။ ဒီတော့ ရန်ကုန်မြို့မှာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးတွေကို ဖော်ထုတ်နိုင်ဖို့လိုပါတယ်။ နှမြောစရာကောင်းတာက ဂျူဗလီဟောနဲ့ ဘုရင်ခံအိမ်ကို ဖျက်ပစ်လိုက်တာပါပဲ။ ဒီအဆောက်အဦတွေရှိရင် တိုးရစ်တွေကို ပြစားလို့ရတယ်။ ထိုင်းနိုင်ငံက ကိုလိုနီ မဖြစ်ခဲ့တော့ ကိုလိုနီခေတ် အဆောက်အဦတွေ သူတို့နိုင်ငံမှာ မရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာက ဒီလိုမျိုးတွေ အများကြီးရှိတယ်။ ဒါတွေကို ပြစားတတ်ဖို့ပဲ လိုတယ် ” ဟု ဦးဇော်အေးမောင်က ပြောသည်။ လက်ရှိကမ္ဘာပေါ်တွင်လည်း ခရီးသွားလုပ်ငန်းသည် မီးခိုးတိတ်စက်ရုံများဖြစ်နေပြီး နိုင်ငံ၏ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးနေသည့် လုပ်ငန်းဖြစ်ကြောင်း၊ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ရန်ကုန်မြစ်တွင် အပျော်စီးလှေစီးနိုင်သည့် ခရီးသွားလုပ်ငန်းများကို ဖော်ထုတ်သင့်ကြောင်း၊ ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ ချောင်းဝဆိုသည့်ရွာသည် တစ်ရွာလုံး ပရိဘောဂများပြုလုပ်သည့် ရွာဖြစ်ပြီး အဆိုပါရွာသို့ ခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် စီစဉ်သင့်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ခရီးသွားလုပ်ငန်းများ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အောင်သူရိန်(အကုန်သိသတင်းဌာန)



0 comments:

Post a Comment