Sunday, August 12, 2018

တစ်နိုင်ငံလုံးလျှပ်စစ်မီး ရာနှုန်းပြည့်ရရှိရေးအတွက် ဒေါ်လာ ၄ ဘီလျံမှ ၅ ဘီလျံကြား အကုန်အကျခံရမည်


တစ်နိုင်ငံလုံး လျှပ်စစ်မီးရာနှုန်းပြည့်ရရှိရေးအတွက် ဒေါ်လာ ၄ဘီလျံမှ ၅ ဘီလျံကြား အကုန်အကျခံပေးရလိမ့်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၌ နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိရေးသည်ပင်လျှင် ခက်ခက်ခဲခဲရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ၄င်း၏လူမှုကွန်ရက်မှတစ်ဆင့် လျှပ်စစ်ဓါတ်အားရရှိမှုကိစ္စများနှင့်ပတ်သက်၍ ပုံမှန်ရေးသားနေမှုတွင် ရာနှုန်းပြည့်လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်ချက်ကို ထည့်သွင်းရေးသားခဲ့ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် တည်ဆဲအစိုးရ၏သက်တမ်းအတွင်း အိမ်ထောင်စုအားလုံးပေါင်း၏ ၅၅ ရာခိုင်နှုန်းအထိလျှပ်စစ်မီး ရရှိရေးကို ဦးတည်ဖော်ဆောင်နေမှုတွင် လက်ရှိနှစ်စဉ်လျှပ်စစ်မီးတိုး၍ ရရှိသည့်ပမာဏနှင့်ယှဉ်လျှင် မျှော်မှန်းချက်ပြည့်မီရန် မလွယ်သည့်အနေအထားကို ရောက်နေခြင်းလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်မတ်လအထိ စုစုပေါင်း ၃၃ လခန့် သာ ကျန်ရှိတော့ချိန်တွင် အမြင့်ဆုံးတိုးလာနိုင်သည့်နှုန်းမှာ ၄၉ ရာခိုင်နှုန်းသာဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ရေးသားထားသည်။ မြန်မာနိုင်ငံလျှပ်စစ်မီးကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၏လျှပ်စစ်မီးစီမံကိန်း ကူညီငွေများ ရရှိလျှင်ပင် ၂၀၂၁ ခုနှစ်၌ ၅၅ ရာခိုင်နှုန်းသာ ဖြစ်မည်ဟုလည်း ဆိုသည်။ ကမ္ဘာ့ဘဏ်နှင့် JICA တို့ က ကူညီထောက်ပံ့ငွေနှင့်ချေးငွေများ ပေးအပ်နေမှုတွင် လျှပ်စစ်မီးအတွက် ကမ္ဘာ့ဘဏ်ကဒေါ်လာသန်း ၃၁၀ သာ ပေးအပ်ထားပြီး ခန့် မှန်းအားဖြင့် ဒေါ်လာ ၄ ဘီလျံမှ ၅ ဘီလျံကြား အကုန်အကျခံပေးရမည့်အနေအထားမျိုး ဖြစ်နေကြောင်းလည်း ဒုဝန်ကြီးက မေးမြန်းမှုတစ်ခုကို ဖြေကြားထားသည်။

ပြီးခဲ့သောအစိုးရလက်ထက်တွင် လျှပ်စစ်မီးကို နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုအားလုံး၏ ၃၄ ရာခိုင်နှုန်းအထိ ရရှိစေရန် စီမံထားခဲ့ကြောင်း သိရပြီး လက်ရှိအစိုးရလက်ထက်တွင် နောက်ထပ် ၂၁ ရာခိုင်နှုန်းအထိ ရရှိစေရန် ကြိုးစားနေပြီဟု ဆိုသည်။ 

အေ၀ိုင်အီး(အကုန်သိသတင်းဌာန)


0 comments:

Post a Comment