Thursday, August 16, 2018

မြန်မာနိုင်ငံ၌ လူမှုကွန်ရက်သုံး၍ အမုန်းစကားဖြန့်ချိမှုများကို ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိသေးဟု ဖေ့စ်ဘွတ်ခ် ဝေဖန်ခံရ

ရိုက်တာသတင်းဌာနသည် ဖေ့စ်ဘွတ်ခ်အနေနှင့် မြန်မာနိုင်ငံ၌ ၎င်းတို့၏လူမှုကွန်ရက်ကိုအသုံးပြု၍ အမုန်းစကားဖြန့်ချိမှုများ ဆောင်ရွက်နေခြင်းကို ယခုအချိန်တိုင်သည်အထိ ထိရောက်စွာ တားဆီးခြင်းငှာ မဆောင်ရွက်နိုင်သေးကြောင်း လေ့လာချက် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကို တည်ထောင်ခဲ့သော မာ့ခ်ဇူကာဘတ်ဂ်သည် လွန်ခဲ့သည့်ဧပြီလ၌ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားခဲ့ခြင်းအတွက် အမေရိကန် အထက်လွှတ်တော် အမတ်များ၏ ခေါ်ယူစစ်မေးခြင်းကို ခံခဲ့ရပြီး ယင်းသို့ ခေါ်ယူစစ်မေးစဉ်တွင် ဇူကာဘတ်ဂ်ျက မြန်မာနိုင်ငံအပါအဝင် အချို့သောနိုင်ငံများ၌ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာကို အသုံးချ၍ အမုန်းစကားများ ဖြန့်ချိနေခြင်းကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ကတိကဝတ် ထားရှိခဲ့သည်။

ဇူကာဘတ်ဂ်ျသည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အမုန်းစကားများ ဖြန့်ချိခြင်းကို တားဆီးနိုင်စေရန်အတွက် ဝန်ထမ်းသစ်များ ထပ်တိုးခန့်အပ်ခြင်း အပါအဝင် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုနည်းလမ်းများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး ရိုက်တာသတင်းဌာနကမူ ၎င်းတို့၏အစီရင်ခံစာတွင် ဖေ့စ်ဘွတ်ခ်ဘက်က အမုန်းစကား ဖြန့်ချိမှုများကို တားဆီးနိုင်ရန် လုပ်ဆောင်ရာတွင် ယခုအချိန်တိုင်သည့်အထိ လိုအပ်ချက်များရှိနေသေးသည့်သဖွယ် သုံးသပ်သွားခဲ့သည်။

ရိုက်တာသတင်းဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများ၌ အမုန်းစကား ဖြန့်ချိမှုများမှာ ယခုအချိန်တိုင်သည်အထိ ရှိနေဆဲဖြစ်သည်ဟု မှတ်ချက်ပေးထားပြီး လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ပင် မြန်မာနိုင်ငံဆိုင်ရာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများ၌ အမုန်းစကားဖြန့်ချိထားမှု တစ်ထောင်ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း ရိုက်တာသတင်းဌာနက အသိပေးသွားခဲ့သေးသည်။

ဖေ့စ်ဘွတ်ခ်သည် ၎င်းတို့အနေနှင့် မှတ်ချက် (Comment) ရေးသားမှု၊ ဗီဒီယိုနှင့် ဓာတ်ပုံဖိုင်များ လွှင့်တင်မှုတို့ကို ထိရောက်စွာစစ်ဆေး၍ အမုန်းစကားဖြန့် ချိသည့်အသွင်ဆောင်ပါက ရှင်းလင်းဖယ်ရှားပစ်ကြောင်း ဖြေရှင်းချက်ပေးထားပြီး မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေအကြား၌ အမုန်းစကားဖြန့်ဝေမှု လုပ်ဆောင်ချက်များမှာ တဖြည်းဖြည်း အရှိန်လျော့ကျနေပြီဖြစ်ကြောင်းလည်း ဖေ့စ်ဘွတ်ခ်က ပြောကြားထားသည်။

ဖေ့စ်ဘွတ်ခ်သည် လက်ရှိတွင် အမုန်းစကားဖြန့်ချိမှုများကို သာမကဘဲ မဟုတ်မမှန် သတင်းမှားလွှင့်တင်မှုများကိုလည်း စစ်ဆေးပယ်ဖျက်နေပြီဖြစ်သည်။

0 comments:

Post a Comment