Tuesday, August 14, 2018

ကိုးတန်းမေးခွန်းပုံစံ ပြောင်း၊ မပြောင်း ဒုဝန်ကြီး တိုက်ရိုက်မဖြေ

ဆယ်တန်းမေးခွန်းပုံစံသစ်ကြောင့် အောင်ချက်မကျစေရေး ကိုးတန်း (နဝမတန်း) ကိုလည်း မေးခွန်းပုံစံပြောင်း မေးရန် ရှိ၊ မရှိ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက တိုက်ရိုက်အဖြေမပေးခဲ့ကြောင်း မိုင်းတုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ပြောကြားသည်။
ဩဂုတ်လ ၁၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယခုနှစ်မှစ၍ ဆယ်တန်းမေးခွန်းပုံစံ ပြောင်းလဲခြင်း ရည်ရွယ်ချက်နှင့် အလေ့အကျင့်ရစေရန် နဝမတန်းကိုလည်း ယခုနှစ် စတင်ပြောင်းလဲပေးရန် ရှိ၊ မရှိ ဦးအောင်ကျော်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ယခု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က လွှတ်တော်အမတ်များ မေးမြန်းသည့် မေးခွန်းကို လွှတ်တော်သို့လာဖြေသည့် ဝန်ကြီးဌာနအနေနှင့် သွယ်ဝိုက်မနေဘဲ ပကတိအတိုင်းဖြေဆိုရန် သတိပေးပြောဆိုထားသေးသည်။ ပညာရေးဒုဝန်ကြီးကမူ ဝန်ကြီးဌာနအနေနှင့် အခြေခံပညာကဏ္ဍတွင် အလွတ်ကျက်မှတ်မှုလျော့နည်းစေရေး ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု ပိုမိုပါဝင်သည့် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံကို ပြောင်းလဲမည်ဖြစ်ကြောင်းသာ ဖြေကြားခဲ့ခြင်းဖြစ်သည်။ မိုင်းတုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက “ဝန်ကြီးဖြေသွားတဲ့ထဲမှာ ကျွန်တော်မေးတဲ့ မေးခွန်း မပါပါဘူးဗျ။ ကျွန်တော်မေးတာက နဝမတန်းကျောင်းသားကနေစပြီး မေးခွန်းပြောင်းလဲဖို့မေးတာပါ။ ဒီဟာကို ဖြေကြားခြင်းမရှိတဲ့အတွက် ဆက်စပ်မေးခွန်း ပြန်လည်မေးပါတယ်”ဟု ပြောဆိုကာ ထပ်မံမေးမြန်းခဲ့သည်။ ထို့သို့ ထပ်မံမေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာနအနေနှင့် သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည့်အတိုင်း ဒသမတန်းစာမေးပွဲအတွက်သာ မေးခွန်းပုံစံ ပြောင်းလဲမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားသည်။ တက္ကသိုလ်ဝင် စာမေးပွဲများ၌ နှစ်စဉ်ဖြေဆိုသူ၏ သုံးပုံတစ်ပုံသာ အောင်မြင်မှုရှိပြီး မေးခွန်းပုံစံကို ချက်ချင်းပြောင်းလဲလိုက်ပါက အောင်မြင်မှု ရာခိုင်နှုန်း ပိုမိုကျဆင်းလာနိုင်ကြောင်း ဦးအောင်ကျော်ဦးက မှတ်ချက်ပေးပြောဆိုသည်။ The Voice

0 comments:

Post a Comment