Wednesday, August 15, 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး မီးလောင်မှု နေ့စား လျှပ်စစ်ဝန်ထမ်းကို အမှုဖွင့် အရေးယူ

လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းရှိ ကင်ဆာဓာတ်ရောင်ခြည်ဌာနတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်း အမျိုးသားတစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အရေးယူခံရသူ အသက် ၃၄ နှစ် ရဲသီဟကျော်မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ကင်ဆာဓာတ်ရောင်ခြည်ဌာနအတွင်းရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှ ဝါယာကြိုးများ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းကို လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုမှုဖြင့် လသာမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်။ မီးစတင် လောင်ကျွမ်းချိန် ဆေးရုံဝန်ထမ်းများက မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်ခဲ့သော်လည်း မီးငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးခိုးများ အူထွက်လာသောကြောင့် မီးသတ်တပ်ဖွဲ့က Level 2 အဆင့် သတ်မှတ်၍ မီးငြှိမ်းသတ်ယာဉ် ၂၅ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရုံးထံမှ စုံစမ်းသိရသည်။ မီးလောင်မှု ဖြစ်ပွားချိန် လူနာများ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး လူနာအချို့မှာ သတိလစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ဓာတ်ရောင်ခြည် လုံခြုံမှုနှင့်ပတ်သက်၍ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ နှစ်ပေါင်း တစ်ရာကျော်ရှိပြီဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တစ်နိုင်ငံလုံးရှိ ကျန်းမာရေး မကောင်းသူများ လာရောက်ဆေးကုသမှု ခံယူနေရသည့် အဓိက ဆေးရုံကြီးဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက မီးလန့်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ The Voice

0 comments:

Post a Comment