Tuesday, August 14, 2018

ရန်ကုန်ဆိပ်ကမ်းကို ရန်ကုန်မြစ်ဝထိပ်သို့ ရွှေ့ရန်စီစဉ်

ရန်ကုန်ဆိပ်ကမ်းကို ရန်ကုန်မြစ်ဝထိပ်သို့ရွှေ့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရတာဝန်ရှိသူအချို့မှာ မှန်ကန်ကြောင်း The Voice Daily သို့ အတည်ပြုသော်လည်း အသေးစိတ်ပြောကြားခြင်းမရှိပေ။ ဩဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Myanmar Wooree ကုမ္ပဏီတို့အကြား စက်မှုဖွံ့ဖြိုးမှုနယ်မြေ တည်ဆောက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွင် ဆိပ်ကမ်းတံတားပေါင်း ကိုးခုခန့်ရှိကာ အချို့ဆိပ်ကမ်းများသည် ကိုလိုနီလက်ထက်ကတည်းက ဆိပ်ကမ်းများဖြစ်ပြီး ဆိပ်ကမ်းကိုးခုထဲမှ ရန်ကုန်ဆိပ်ကမ်းသည် အဖွံ့ဖြိုးဆုံးဖြစ်ကာ မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည် ၉၀ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းတံတားတွင်ပင် အတင်အချပြုလုပ်နေခြင်းဖြစ်သည်။ “ရန်ကုန်မြို့တွင်းမှာလည်း ယာဉ်ကြောကျပ်တည်းမှု ပြဿနာတွေ ရှိနေတဲ့အတွက် ရန်ကုန်ဆိပ်ကမ်းမြို့အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့နဲ့ ကုန်စည်တွေကို ရန်ကုန်ကိုအခြေပြုပြီး မြန်မာနိုင်ငံအတွက်ပဲ မဟုတ်ဘဲနဲ့ အိမ်နီးချင်းထိစပ်နေတဲ့ နိုင်ငံတွေအားလုံးကို တင်ပို့နိုင်ဖို့ ဆောင်ရွက်သွားမှာပါ”ဟု ဦးဖြိုးမင်းသိန်းက ဧပြီလအတွင်းက ပြုလုပ်သည့် ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။ စက်မှုဖွံ့ဖြိုးမှုနယ်မြေ တည်ဆောက်မည့် နေရာမှာလည်း ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မကြာမီတည်ဆောက်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား (ရန်ကုန်-ဒလတံတား) အဆင်းနေရာတွင်တည်ရှိသည့် စက်မှုဧရိယာတစ်ခု ဖြစ်လာမည်ဖြစ်ကာ ယင်းတံတားကို စတင်တည်ဆောက်ရန်အတွက်လည်း ဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၂၀-၂၁ တွင် သွားလာနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရထံမှ သိရသည်။ “ရန်ကုန်ဆိပ်ကမ်းကို မြစ်ဝဘက်ကို ရွှေ့မယ်ဆိုတာ ကျွန်တော်တို့ Asia World နဲ့တော့ မဆိုင်ဘူးထင်ပါတယ်။ အစိုးရအနေနဲ့ သူ့ဟာသူ လုပ်တဲ့အပိုင်းဖြစ်မှာပါ။ ကျွန်တော်တို့ ဆိပ်ကမ်းနဲ့လည်း မပတ်သက်ပါဘူး။ အစိုးရရဲ့ နောက်လာမယ့်စီမံချက်လည်း ဖြစ်မှာပါ”ဟု Asia World ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့ပြင် ကုန်စည်စီးဆင်းမှုကို စနစ်တကျဆောင်ရွက်နိုင်ရန် ရန်ကုန်ပင်လယ်ဝဘက်တွင် ကုန်တင်ကုန်ချပြုလုပ်နိုင်မည့် ဆိပ်ကမ်းအသစ်တစ်ခု ထပ်မံတည်ဆောက်မည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။ ရန်ကုန်ဆိပ်ကမ်းကို မြစ်ဝဘက်သို့ ရွှေ့မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး ပြည်ပမှ လာရောက်သည့် ကုန်တင်သင်္ဘောကြီးများလည်း လွယ်ကူစွာဝင်ရောက်၍ ကုန်အတင်အချ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားသည်။ “ဆိပ်ကမ်းရွှေ့မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ သင်္ဘောကြီးတွေ မသွားနိုင်တဲ့ပြဿနာတွေလည်းရှိတော့ ဒါတွေကောင်းသွားနိုင်ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဆောင်ရွက်ချင်တဲ့အိပ်မက်တွေကတော့ အများကြီးရှိပါတယ်။ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့က တစ်ခါတလေ လွှတ်တော်နဲ့ ဝိရောဓိဖြစ်တာတွေလည်း ရှိပါတယ်”ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားသည်။ The Voice

0 comments:

Post a Comment