Tuesday, August 14, 2018

အီတလီနိုင်ငံမှ အတိုးမဲ့ထုတ်ချေးသည့် ယူရိုသန်း ၃၀ ဖြင့် လျှပ်စစ်မီးလက်လှမ်းမီမှု နည်းပါးသော ချင်းပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ ခန့်မှန်းကျေးရွာ ၁၀၁၉ ရွာရှိ အိမ်ခြေ ၉၆၅၀၀ ခန့်ကို အကြိုလျှပ်စစ်မီး ရရှိရေး ဆောင်ရွက်မည်

အီတလီနိုင်ငံမှ အတိုးမဲ့ထုတ်ချေးသည့် ယူရိုသန်း ၃၀ ဖြင့် လျှပ်စစ်မီးလက်လှမ်းမီမှု နည်းပါးသော၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ ခန့်မှန်းကျေးရွာ ၁၀၁၉ ရွာရှိ အိမ်ခြေ ၉၆၅၀၀ ခန့်ကို အကြိုလျှပ်စစ်မီး ရရှိရေး ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောကြားသည်။
သြဂုတ် ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အီတလီနိုင်ငံမှ ချေးယူမည့် ယူရိုသန်း ၃၀ နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ဒုတိယ၀န်ကြီးက ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယ၀န်ကြီးဦးလှကျော်က “အီတလီ အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ လိုအပ်ချက် ရှိနေဆဲဖြစ်တဲ့ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးပေးနိုင်ဖို့၊ မဟာဓာတ်အားလိုင်းနဲ့ ဝေးကွာတဲ့ ကျေးရွာတွေမှာ အကြိုလျှပ်စစ်မီးရရှိရေး စနစ်နဲ့ ဆောင်ရွက်နိုင်ရေး၊ အစိုးရ၊ ပြည်သူလူထုနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ မြှင့်တင်အကောင်အထည်ဖော်နိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ သက်သာတဲ့ချေးငွေ ပေးအပ်ခြင်း ဖြစ်ပါတယ်။ အဲဒီချေးငွေတွေနဲ့ လျှပ်စစ်မီး လက်လှမ်းမီမှု နည်းပါးတဲ့၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်နဲ့ ၎င်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ခန့်မှန်းကျေးရွာ ၁၀၁၉ ရွာရှိ အိမ်ခြေ ၉၆၅၀၀ ခန့်ကို အကျိုးပြုနိုင်စေဖို့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။ အီတလီနိုင်ငံမှ ချေးယူမည့် ယူရိုသန်း ၃၀ သည် အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာ လမှာ ၁၈ နှစ်ဖြစ်ကြောင်း၊ ပြန်လည်ပေးဆပ်ရမည့်ကာလမှာ ၁၀ နှစ်ဖြစ်ကာ ပြန်လည် ပေးဆပ်ရမည့် ၁၉ နှစ်မြောက်ဖြစ်သည့် ၂၀၃၆-၂၀၃၇ ခုနှစ်မှစပြီး တစ်နှစ်လျှင် ယူရို သုံးသန်းနှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ပေးဆပ်ရမည့်ငွေပမာဏကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်အလိုက် ထည့်သွင်းရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ အတည်ပြုချက်ဖြင့် ပြန်လည်ပေးဆပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလှကျော်က ပြောကြားသည်။ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ ယှဉ်ပြိုင်တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရသည့်အတွက် အချိန်အနည်းငယ် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အိမ်ထောင်စုတစ်ခုချင်း၏ ဆန္ဒနှင့် ရွေးချယ်မှုကို ရယူဆောင်ရွက်ခြင်းဖြစ်သည့်အလျောက် ကျေးရွာများ၊ အိမ်ထောင်စုများ ရွေးချယ်ရာတွင် NEP မူဝါဒနှင့်အညီ ရွေးချယ်ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း ကျေးရွာအိမ်ထောင်စုအချို့မှ ရန်ပုံငွေထည့်ဝင်ခြင်း မရှိသည့်အတွက် နေရာပြောင်းဆောင်ရွက်ခဲ့ရခြင်း၊ လုပ်ငန်းကြန့်ကြာမှု၊ သဘာဝဘေးအန္တရာယ်နှင့် နယ်မြေလုံခြုံရေး အကန့်အသတ်များကြောင့် ကြန့်ကြာမှုစသည့်အ ခက်အခဲများ တွေ့ကြုံ ခဲ့ရကြောင်း ဦးလှကျော်က ပြောကြားသည်။ ယင်းစီမံကိန်းတွင် ဆင်းရဲနွမ်းပါးသော ပြည်သူများ လျှပ်စစ်မီး လက်လှမ်းမီစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ဆင်မည့်စနစ်အလိုက် ပြည်သူမှ အချိုးကျ ထည့်ဝင်စေခြင်းမှာလည်း မိမိပိုင် ပစ္စည်းကဲ့သို့ ခံယူသည့် စိတ်ဓာတ်ရရှိစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်း အသုံးပြုနိုင်ရေးကို ရည်ရွယ်ပြီး ထည့်ဝင်စေခြင်းဖြစ်ကြောင်း၊ အချိုးကျထည့်ဝင်ငွေ မတတ်နိုင်သည့် ဆင်းရဲနွမ်းပါးပြည်သူများအတွက် လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ဘဏ်၊ အီတလီ၊ KfW, GIZ အဖွဲ့များနှင့် ညှိနှိုင်းပြီး သင့်လျော်သည့် နည်းလမ်းများ၊ Model များ ရှာဖွေကာ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ထို့ပြင် ပြည်သူထည့်ဝင်ငွေအနေဖြင့် စနစ်အလိုက် ကွာခြားသွားပြီး စနစ်အကြီး တပ်ဆင်လိုပါက ပိုမိုထည့်ဝင်ရခြင်းဖြစ်ကြောင်း၊ တစ်အိမ်သုံးဆိုလာစနစ်အနေဖြင့် 30 W ဆိုလာစနစ်၏ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၂၂၀၀၀၀ ခန့်ဖြစ်ပြီး ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၁၉၀၀၀၊ 60 W ဆိုလာစနစ်၏ ခန့်မှန်တန်ဖိုးအနေဖြင့် ကျပ် ၂၇၀၀၀၀ ဖြစ်ပြီး ပြည်သူထည့်ဝင်ငွေကျပ် ၅၀၀၀၀၊ 100 W ဆိုလာ စနစ်၏ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၇၀၀၀၀ ဖြစ်ပြီး ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၁၅၀၀၀၀ ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ ကျပ် ၂၀၀၀၀၀ ကျော်ခန့် ကျခံထားကြောင်း၊ အချိုးကျထည့်ဝင်ငွေ မထည့်နိုင်သည့် ဆင်းရဲသားပြည်သူများအတွက် ယခုထက် ပိုမိုသေးငယ်သောစနစ်များကို စဉ်းစားပြီး ၎င်းတို့၏ဆန္ဒနှင့်အညီ စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ စိုးမင်းထိုက်၊ စည်သူ Eleven Media Group

0 comments:

Post a Comment