Tuesday, August 14, 2018

ပင်လည်ဘူးမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးအား စစ်ဆေးရာမှ ပစ္စတိုသေနတ်၊ NF တံဆိပ်ပါ ကျည်လေးတောင့်နှင့်အတူ လေသေနတ်တစ်လက် ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် သြဂုတ် ၁၃ ရက် နံနက်အစောပိုင်းက မူးယစ်ဆေးဝါး ရောင်းချသူများအား ဖမ်းဆီးရန်အတွက် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်လာသူနှစ်ဦးကို မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာမှ ကိုယ်ထည်ခြောက်လက်မ၊ ဒင်လေးလက်မရှိ သေနတ်တိုတစ်လက်၊ ကိုယ်ထည်တစ်ပေနှင့် ခြောက်လက်မ၊ ပြောင်းအရှည် တစ်ပေနှင့် ခုနစ်လက်မရှိ လေသေနတ် အရှည်တစ်လက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ပင်လည်ဘူးမြို့နယ် မိချောင်းအင်းရဲကင်းစခန်းမှူးနှင့်အဖွဲ့၊ ကညင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသတွင်းဖွဲ့စည်းထားသည့် မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့တို့က သြဂုတ် ၁၃ ရက် နံနက် ၁ နာရီ ၀န်းကျင်ခန့်တွင် သစ်ဖြူကျင်း-ညောင်ကုန်း ကျေးရွာသွားလမ်းပေါ်၌ Shanyan 125 အမျိုးအစား၊ အနက်ရောင် Kenbo 125 အမျိုးအစား ဆိုင်ကယ်နှစ်စီးကို တားဆီးပြီး ရပ်တန့်စစ်ဆေးခဲ့ရာ သိန်းစိုး(၄၃ နှစ်)၊ ၀ါးယူးသာကျေးရွာနေသူ၏ ဘေးလွယ်အိတ်ထဲမှ Made in Naga တံဆိပ်ပါ ကိုယ်ထည်ခြောက်လက်မ၊ ဒင်လေးလက်မ၊ လုပ်သေနတ်အတို တစ်လက်၊ NF တံဆိပ်ပါ ကျည်လေးတောင့်၊ Vivo တံဆိပ် အနက်ရောင်ဖုန်းတစ်လုံး၊ Mi တံဆိပ်ပါ ပါဝါဘန့် အကြီးတစ်လုံး၊ မျိုးမင်းကျော်(၂၅ နှစ်)၊ မြေသာကျေးရွာအုပ်စုနေသူထံမှ ပြောင်းအရှည်တစ်ပေနှင့် ခုနစ်လက်မ၊ ကိုယ်ထည်တစ်ပေနှင့် ခြောက်လက်မ၊ ဒင်တစ်ပေရှိ No.2 လေသေနတ် အရှည်တစ်လက်၊ လေသေနတ်ပစ် ခဲကျည် ၁၂၀ တောင့်ပါ တစ်ဘူးနှင့်အတူ သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီး လိုင်စင်ကို စိစစ်နေဆဲဖြစ်ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ သိရသည်။
“ဖြစ်တဲ့အချိန်က အခု ၁၃ ရက် မနက်အစောပိုင်းမှာပါ။ ကျွန်တော်တို့အဖွဲ့က ညစဉ်ညတိုင်း မူးယစ်ဆေးဝါးသတင်းအရ မြို့နယ်အတွင်းမှာ သွားရောက်စုံစမ်းနေကျပါ။ ဒီနေ့မှာတော့ ပင်လည်ဘူးမြို့နယ်အတွင်းက သစ်ဖြူကျင်း-ညောင်ကုန်းသွားရာလမ်းမှာ ဆိုင်ကယ်နှစ်စီးကို မသင်္ကာတာကြောင့် ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ရပ်တန့်စစ်ဆေးလိုက်တဲ့အခါမှာ ၀ါးယူးသာကျေးရွာနေသူ သိန်းစိုးထံကနေ ပစ္စတိုသေနတ်တစ်လက်နဲ့ ကျည်ဆန်တွေကို သူ့ရဲ့လွယ်အိတ်ထဲကနေ စစ်ဆေးတွေ့ရှိပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ မြေသာကျေးရွာနေသူ မျိုးမင်းကျော်ဆီက လေသေနတ်တစ်လက်ပေါ့။ သူကတော့ လေသေနတ်ကို လွယ်ထားပြီးတော့ ဆိုင်ကယ်စီးလာတာ ဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့ ဖမ်းဆီးရမိတဲ့အခါမှာ သေနတ်တွေ ပါနေတာဖြစ်တဲ့အတွက် ပင်လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို အကြောင်းကြားလိုက်ပါတယ်။ ဖမ်းဆီးရမိတဲ့ ၀ါးယူးသာကျေးရွာနေသူ သိန်းစိုးဆိုသူက ဒေသတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နေတဲ့ မူးယစ်ရာဇာကြီးတစ်ဦးဖြစ်တယ်လို့ သိရတယ်။ သူက ပင်လည်ဘူးနဲ့ ဗန်းမောက်ဘက်က ရွှေမှော်တွေမှာ မူးယစ်ဆေးဝါးကို အကြီးအကျယ် ဖြန့်နေတယ်ဆိုတာ သိရတယ်။ သူက လက်နက်တွေ ကိုင်ဆောင်ထားတယ်ဆိုတာ ကြားသိထားကြတဲ့အတွက် သူ့ကိုတော်တော်နဲ့ ဖမ်းဆီးရမိဖို့က မလွယ်ဘူးဖြစ်နေတာပေါ့။ အခု ဖမ်းဆီးရမိတာကလည်း သူတို့ကို စောင့်ဖမ်းဆီးတာ မဟုတ်ဘူး။ တခြားမူးယစ်ဆေးဝါး သတင်းတစ်ခုရထားလို့ သူတို့နှစ်ဦး ဆိုင်ကယ်ကိုလည်း မသင်္ကာတာကြောင့် ရပ်တန့်စစ်ဆေးရင်း အခုလို တွေ့ရှိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပင်လည်ဘူး၊ ဗန်းမောက်နယ်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိသူတွေက အများကြီး ရှိနေသေးတယ်။ သူတို့ဆီမှာက ဒေသမှာပဲလုပ်တဲ့ လုပ်သေနတ်တွေ အများကြီး ရှိနေတယ်” ဟု ဒေသတွင်းဖွဲ့စည်းထားသည့် မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့မှ ကိုခင်ဇော်ဝင်းက ပြောကြားသည်။
အဆိုပါ ပစ္စတိုသေနတ်၊ လေသေနတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူနှစ်ဦးကို ပင်လည်ဘူးမြို့မရဲစခန်းမှ (ပ) ၆၇/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဌေးလှအောင်
Eleven Media Group


0 comments:

Post a Comment