Sunday, August 12, 2018

မွန်ဇာတ်သဘင် နှစ် ၂၀ ဝန်းကျင်အတွင်း တိုးတက်ဟုဆို


မွန်ပြည်နယ်တွင် နှစ် ၂၀ ဝန်းကျင်အတွင်း မွန်ဇာတ်သဘင်များ တိုးတက်လာကြောင်း ဩဂုတ်လ ၁၂ ရက်က ပြုလုပ်သည့် မွန်ဇာတ်သဘင် သမိုင်းရာဇဝင် ရှင်းလင်းပွဲနှင့် မွန်ဇာတ်သဘင်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ် ရှင်းလင်းပွဲတွင် အဖွဲ့အတွင်းရေးမှူး စိုက်ချမ်းဂျစ်က ပြောသည်။

“ကျွန်တော်တို့ မွန်ဇာတ်သဘင်ကတော့ ၁၉ နှစ် ၂၀ နှစ်အတွင်းမှာ တိုးတက်လာတယ်၊ ဒါပေမဲ့ခေတ်နဲ့အညီ လိုက်လာတဲ့အတွက် မွန်ယဉ်ကျေးမှုတွေ တဖြည်းဖြည်း ပျောက်လာတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ မွန်ယဉ်ကျေးမှုတွေကို ပြန်ထိန်းသိမ်းနိုင်ဖို့အတွက် မွန်အော်ပရာတွေ၊ ရှေးဟောင်း မွန်ရိုးရာ အဆိုအကတွေ ပြန်ပေါ်လာဖို့ လုပ်သွားမယ်”ဟု ၎င်းကဆိုသည်။

ယခင် လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်တွင် မွန်ဇာတ်သဘင်အဖွဲ့ ၃ ဖွဲ့သာရှိသော်လည်း ယခု ၂၀၁၈ ခုနှစ်အထိ မွန်ဇာတ်သဘင်အဖွဲ့ ၉ ဖွဲ့ရှိလာကြောင်း၊ ဇာတ် တစ်ဖွဲ့ထောင်လျှင် ကျပ်သိန်းထောင်ချီ ကုန်ကျကြောင်း၊ ထိုသို့ ဇာတ်အဖွဲ့များ ယခုကဲ့သို့ များလာသော်လည်း ဇာတ်အဖွဲ့ကို တည်ထောင်နိုင်သူမှာ နည်းပါးပြီး လုပ်သားရှားပါးမှုလည်းရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ မွန်ဇာတ်သဘင် အဖွဲ့ကနေပြီးတော့လည်း မွန်ဇာတ်သဘင်တွေကို မွန်ရာဇဝင် အော်ပရာတွေကို ပြန်ကကြဖို့၊ ပေါင်းစည်း ဇာတ်သဘင်ဖွဲ့ဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်း နှိုးဆော်သွားမယ်၊ ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်သွားမယ်၊ ပေါင်းစည်း ဇာတ်သဘင်ဖွဲ့ဖို့ကိုတော့ စက်တင်ဘာလလောက်မှာတော့ လုပ်နိုင်မယ်ထင်တယ်”ဟု ၎င်းကပြောသည်။

ယခင်ကာလတွင် မွန်ဇာတ်သဘင် တစ်ဖွဲ့လျှင် တစ်နှစ် ၁၅၀ ညကျော် ကပြဖျော်ဖြေရကြောင်း၊ သို့သော် ယခုနောက်ပိုင်း မြန်မာ့ဇာတ်သဘင်အဖွဲ့ များလာသည့်အတွက်ကြောင့် မွန်ဇာတ်သဘင်များမှာ တစ်နှစ်လျှင် ၁၂၀ ညကျော်သာ ကရကြောင်း မွန်ဇာတ်သဘင်အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ဇာတ်အဖွဲ့တွေလည်း ညီညွတ်ဖို့လိုအပ်တယ်။ မွန်ဇာတ်သဘင်အဖွဲ့တွေ ကိုးဖွဲ့ကနေ ဆယ့်ကိုးဖွဲ့ဖြစ်လာဖို့ များလာဖို့လည်း လိုသလို၊ မွန် ဇာတ်သဘင် တိုးတက်ဖို့လည်း အရမ်းအရေးကြီးတယ်”ဟု မွန်ဇာတ်သဘင်အဖွဲ့ ဥက္ကဋ္ဌဟောင်း နိုင်အောင်က ပြောသည်။

လက်ရှိတွင် မွန်ဇာတ်သဘင်အဖွဲ့ တစ်ဖွဲ့ကို တစ်ညလျှင် ကျပ် ၁၈ သိန်းမှ ၂၅ သိန်းအထိပေးကာ ငှားရမ်းကြပြီး ဇာတ်အဖွဲ့ အသုံးပြုသော ပစ္စည်းပေါ် မူတည်ကာ ဈေးကွာခြားခြင်းဖြစ်ကြောင်း မွန်ဇာတ်သဘင်အဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment