Sunday, August 12, 2018

ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းသည် စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်


တစ်ပတ်လျှင် ၄၅ မိနစ်ကြာ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း သုံးကြိမ်မှ ငါးကြိမ်အထိ လုပ်ဆောင်ခြင်းသည် စိတ်မကျန်းမာခြင်းကို လျှော့ချပေးနိုင်စွမ်းရှိသော်လည်း ထို့ထက် ပိုလုပ်ခြင်းသည် များသောအားဖြင့် အကျိုးမရှိဟု အမေရိကန် သုတေသန အစီရင်ခံစာတစ်စောင်တွင် တင်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
သုတေသနတွင် လူပေါင်း ၁ ဒသမ ၂ သန်းခန့်က တစ်လအတွင်း ၎င်းတို့၏ လှုပ်ရှားမှု အတိုင်းအတာနှင့် စိတ်ဓာတ်ရေးရာ အခြေအနေကို သတင်းပေးခဲ့ကြသည်။ လေ့ကျင့်ခန်းလုပ်သူများသည် မလုပ်သူများထက် တစ်လလျှင် နေထိုင် မကောင်းသောရက် ၁ ဒသမ ၅ ရက် လျော့နည်းသည်ဟု လေ့လာမှုအရ သိရှိရသည်။ အဖွဲ့လိုက် အားကစားနည်းများ၊ စက်ဘီးစီးခြင်းနှင့် အေရိုးဗစ်ကစားနည်းတို့သည် အကောင်းဆုံး သက်ရောက်မှုများ ရှိသည်ဟုဆိုသည်။ အိမ်မှုကိစ္စလုပ်ခြင်းနှင့် ကလေးထိန်းခြင်း အပါအဝင် ကိုယ်လက်လှုပ်ရှားမှု အားလုံးသည် ကျား၊ မ အသက်အရွယ် မရွေး စိတ်ကျန်းမာရေးကို တိုးတက်စေသည်ဟု လေ့လာမှုတွင် တွေ့ရှိရသည်။ ယခုလေ့လာမှုသည် အကြီးမားဆုံး သုတေသနတစ်ခု ဖြစ်သော်လည်း ကိုယ်လက်လှုပ်ရှားမှုသည် စိတ်ကျန်းမာခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု အတည်ပြုနိုင်ခြင်းမရှိပေ။
ယခင်လေ့လာမှုများတွင် ရလဒ်များ ရောထွေးနေသော်လည်း အချို့သုတေသနများတွင် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် စိတ်မကျန်းမာမှုကို ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် စိတ်မကျန်းမာမှု၏ လက္ခဏာတစ်ခုဖြစ်ကြောင်း ထောက်ပြထားကြသည်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါအန္တရာယ်တို့ကိုလည်း လျှော့ချပေးနိုင်သည်။ ယခုလေ့လာမှုတွင် ပါဝင်သူများက ၎င်းတို့သည် တစ်လလျှင် စိတ်မကြည်လင်သောနေ့ သုံး- လေးရက်ခန့်ရှိသည်ဟု ပြောကြားကြသည်။ ကိုယ်လက်လှုပ်ရှားမှုရှိသူများကမူ ထိုအရေအတွက်ကို နှစ်ရက်အထိ လျှော့ချနိုင်ကြသည်။ စိတ်ကျဝေဒနာ ခံစားနေရသူများတွင်လည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူကတစ်လလျှင် စိတ်မကြည်လင်သော ရက် ခုနစ်ရက်ခန့်သာ ကြုံရပြီး လေ့ကျင့်ခန်း မလုပ်သူက ၁၁ ရက်ခန့် ကြုံရသည်ဟု သိရသည်။ နှစ်ရက်လျှင် တစ်ကြိမ် မိနစ် ၃၀- ၆၀ ကြာသော ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အကောင်းဆုံးဟု ဆိုကြသည်။ အဖွဲ့လိုက် အားကစားနည်းများက တစ်ကိုယ်ရည် အထီးကျန်မှုကိုပါ လျှော့ချပေးနိုင်သည်ဟု ပညာရှင်များက ပြောကြားသည်။ The Voice

0 comments:

Post a Comment