Wednesday, August 15, 2018

အာရှအားကစားပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ နှင့် မြောက်ကိုရီးယား ယူ-၂၃ ယနေ့ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအက်ဖ် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့ မြောက်ကိုရီးယား ယူ-၂၃ အသင်းတို့ ဒီနေ့ညနေ မြန်မာစံတော်ချိန် ၆း၃၀ မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စု အက်ဖ်မှာ အာရှထိပ်သီး အသင်းတွေဖြစ်တဲ့ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီအာရေဗျတို့နဲ့ တအုပ်စုတည်း ကျရောက်နေတာပါ။ အာရှအားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ်တွေကို မြန်မာအသင်းဟာ ၁၉၉၄ ခုနှစ်က နောက်ဆုံးယှဉ်ပြိုင်ခဲ့ပြီး အခုတဖန် ၂၄ နှစ်ကြာမှ တကျော့ပြန် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသားဘောလုံးအသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် နှစ်ကြိမ်၊ ကြေးတံဆိပ် တကြိမ်ရထားပြီး တတိယ အအောင်မြင်ဆုံး အသင်းအဖြစ် အိန္ဒိယအသင်းနဲ့ ပူးတွဲ ရပ်တည်နေပါတယ်။ အအောင်မြင်ဆုံးအသင်းကတော့ တောင်ကိုရီးယားအသင်းဖြစ်ပြီး ရွှေတံဆိပ် ၄ ကြိမ်၊ ငွေတံဆိပ် ၃ ကြိမ်၊ ကြေးတံဆိပ် ၃ ကြိမ် ရထားပြီး ဒုတိယနေရာမှာတော့ အီရန်က ရွှေတံဆိပ် ၄ ကြိမ်၊ ငွေတံဆိပ် ၂ ကြိမ်၊ ကြေးတံဆိပ် ၁ ကြိမ် ရထားပါတယ်။ မြန်မာ ယူ-၂၃ အသင်းဟာ အာရှအားကစားပြိုင်ပွဲ အကြိုအဖြစ် တောင်ကိုရီးယား ယူ-၁၉၊ ဘာရိန်း ယူ-၂၃၊ ထိုင်း ယူ-၃၂ အသင်းတို့နဲ့ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ဒုတိယဆု ရခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ကိုင်တွယ်နေပြီး ကစားသမားတွေအဖြစ် ဂိုး – ကျော်ဇင်ထက်နဲ့ ဆန်းဆက်နိုင်၊ နောက်တန်း – ဟိန်းဖြိုးဝင်း၊ ထိုက်ထိုက်အောင်၊ ဇော်မင်းထွန်း၊ မင်းကျော်ခန့်၊ နန္ဒကျော်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ရဲရင့်အောင်၊ အလယ်တန်း – လှိုင်းဘိုဘို၊ မြတ်ကောင်းခန့်၊ စည်သူအောင်၊ လွင်မိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်စိုး၊ မောင်မောင်လွင်၊ ရှေ့တန်း – အောင်သူ၊ ဒွေးကိုကိုချစ်၊ ထက်ဖြိုးဝေတို့ ပါဝင်ပါတယ်။ မြန်မာအသင်းဟာ ဒီနေ့ မြောက်ကိုရီးယားနဲ့ ယှဉ်ပြိုင်ပြီးနောက် ဒုတိယပွဲစဉ်အဖြစ် လာမယ့် သြဂုတ် ၁၇ ရက်နေ့ ညနေ ၆း၃၀ မှာ ဆော်ဒီအာရေဗျ၊ သြဂုတ် ၂၀ ရက် ညနေ ၃း၃၀ မှာ အီရန်အသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ DVB

0 comments:

Post a Comment