Wednesday, August 15, 2018

နိုင်ငံတော်အကြီးအကဲများအား ကိုယ်တိုင်ကိုယ်ကျ တိုင်ကြားစာမပေးရန် သမ္မတရုံး ထုတ်ပြန်

ပြည်သူများမှ တင်ပြလိုသည့် စာများ တင်ပြချက်များကို နိုင်ငံတော်အကြီးအကဲများအား တိုက်ရိုက်ပေးအပ်ခြင်း မပြုဘဲ နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် တိုင်ကြားစာလက်ခံရေးအဖွဲ့ထံသာ ပေးအပ်ရန် နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
တိုင်ကြားစာလက်ခံရေးအဖွဲ့မှ ပြည်သူများမှ တင်ပြလာသည့်စာများကို စနစ်တကျ မှတ်ပုံတင်စာရင်းသွင်း လက်ခံပြီး နိုင်ငံတော်အကြီးအကဲများထံ တင်ပြနိုင်ရန် စီစဉ်ပေးမည်ဟုလည်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်များအတွင်း တိုင်ကြားစာများကို ပြည်သူများမှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်နိုင်ရန် ကြိုးပမ်းသည့်အပြင် ယင်းသို့ ပေးအပ်ရန် အခွင့်မသာပါက စာများ ပစ္စည်များကို ပစ်ပေးခြင်းများ ပြုလုပ်ခဲ့ခြင်း များ ရှိသောကြောင့် အကြီးအကဲများ လုံခြုံရေး အခြေအနေကို စိုးရိမ်ပူပန်မှုများ မြင့်တက်စေကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ် အတွင်း၌ တိုင်ကြားစာတစ်စောင်အား ပြည်သူတစ်ဦးမှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သည်။ ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် အတွင်း၌ လူအုပ်စုအတွင်းမှ အဝါရောင်ပစ္စည်းအပိုင်းအစတစ်ခုဖြင့် ပစ်ပေါက်ပေးအပ်ခဲ့သည့် မြင်ကွင်းကို လူမှုကွန်ယက် စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။ ပြည်သူများအနေဖြင့် တင်ပြစာ ၊ တိုင်ကြားစာ ၊အသနားခံစာများကို နိုင်ငံတော်သမ္မတရုံး တိုင်ကြားစာ ဌာန(ဆက်သွယ်ရန် ဖုန်း ၀၆၇-၃၄၀၉၁၁၇ ) မှ မှတ်တမ်းရေးသွင်းပြီး ခိုင်လုံမှုရှိသည့်စာများကို စိစစ်ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။ Mizzima - News in Burmese

0 comments:

Post a Comment