Sunday, August 12, 2018

ဦးအောင်သန်းဝေကို နောက်ထပ်ပုဒ်မတစ်ခုဖြင့် ထပ်မံတရားစွဲဆို


စစ်တွေမြို့ မြိုမိ၊ မြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေကို သြဂုတ်လ ၁၀ ရက်နေ့ရုံးချိန်းက တရားလိုဘက်မှ နောက်ထပ်ပုဒ်မတစ်ခုနှင့် စစ်တွေမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဦးအောင်သန်းဝေသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးတင်မောင်ဆွေအပေါ် ဝေဖန်ပြောဆိုခဲ့သည်ဆိုပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ယခုအခါ ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆ နှင့် ထပ်မံတရားစွဲဆိုခံထားရသည်ဟု ဦးအောင်သန်းဝေက ပြောသည်။

“ ရဲစခန်းမှာ ဖွင့်တာကပုဒ်မသုံးခုနဲ့ဖွင့်ပြီးတော့ ဥပဒေအရာရှိကိုတင်တဲ့အချိန်မှာ ပုဒ်မ ၂ ခုကို ပယ်ပြီးမှ ပုဒ်မ ၁၀နဲ့ သာ ကျွန်တော့ကို တရားစွဲဖို့ အကြံပြုလိုက်တယ်။ အခုတစ်ခါ ၅၀၆ ကို ထပ်ပြီးမှ တရားရုံးကို ဦးတိုက်လျှောက် လာတာဖြစ်တယ်။ ဒါကတော့ ကွဲလွဲမှုဖြစ်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတစ်ဦးကို နိုင်ငံသားရဲ့ ရပိုင်ခွင့်မဟုတ်ဘဲနဲ့ မလိုအပ်ဘဲ ချုပ်နှောင်ဖို့အတွက်ကို တမင်တကာကြံစည်ပြီးမှ အချိန်ဆွဲပြီး ဖမ်းဆီးထားတာဖြစ်တယ်။ နောက်ထပ်လည်း ဒါမျိုးဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေအား ဦးအောင်သန်းဝေ၏ ဝေဖန်မှုမှာ “ လူသတ်တရားခံတင်မောင်ဆွေကို ထွက်ခွင့်မပေးနိုင်ဘူး။ ဒီအတိုင်းထွက်သွားလို့ရှိရင် ရခိုင်လူမျိုးတွေညံ့ရာကျမယ်။ ” ဟု ပြောဆိုရေးသားမှုကြောင့် ဦးအောင်သန်းဝေမှာ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

နောက်ပြီးဦးအောင်သန်းဝေ၏ Facebook ပေါ်မှာ “ လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ်အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု (တရားခံ)ဘယ်သူလဲ။ ” ဆိုသည့် Post နှင့် ပတ်သက်၍ စွဲဆိုထားခြင်းဖြစ်သည်။

Development Media Group

0 comments:

Post a Comment