Sunday, August 19, 2018

ဥပဒေချိုးဖေါက်သည်ဟု ဆိုကာ ရှမ်းအမျိုးသမီးတစ်ဦးကို TNLA ဖမ်းဆီးထား


သြဂုတ်လ ၁၇ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ မနန်းမိုဟွမ်ဆိုသူ အမျိုးသမီးအား တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)က ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါသတင်းကို အတည်ပြုရန်အတွက် The Ladies News က TNLA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ရာတွင် ဥပဒေချိုးဖေါက်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

'' ဖမ်းတာတော့မှန်တယ်။ ဖမ်းတဲ့အကြောင်းအရင်းက ကျွန်တော်တို့ရဲ့ ဥပဒေစည်းမျဉ်းကိုချိုးဖေါက်တာရှိတယ်။ ဥပဒေချိုးဖေါက်တယ်ဆိုတော့ လောလောဆယ်တော့ ကျွန်တော်တို့ထုတ်ဖေါ်ပြောလို့တော့ မရသေးဘူး။ မကြာခင်တော့ကျူးလွန်တဲ့ဟာတွေကို ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ လောလော ဆယ်တော့ သူ့အတွက် ဘာမှစိုးရိမ်စရာမရှိဘူး။ ကျန်းမာရေးကအစ စောင့်ရှောက်ထားပါတယ်'' ဟု ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောကြားသည်။

TNLA အဖွဲ့သည် သြဂုတ်လ ၁၇ရက် နံနက်ပိုင်းက နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ မနန်းမိုဟွမ်နေအိမ်သို့ဝင်ရောက်ကာ သူမအား သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နေအိမ်အတွင်းရှိ CCTV ကင်မရာ မှတ်တမ်းကိုလည်းဖျက်ဆီးခဲ့ကြောင်း နမ့်ခမ်းမြို့ လူငယ်များ ကွန်ယက်မှ ထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့ လူငယ်များကွန်ယက်၏ ထုတ်ပြန်ချက်ထဲတွင် TNLA မှ ယခုလို အပြစ်မဲ့ ပြည်သူ အမျိုးသမီးတစ်ဦးကို လူအင်အားသုံး၍လက်နက်ဖြင့်ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာပြည်သူလူထုတစ်ဦး၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖေါက်သည့်အပြင် နိုင်ငံသားတစ်ဦး၏ အသက်အန္တရာယ်လုံခြုံမှုကိုပါ ထိပါးစေသည့်အတွက် ဤလုပ်ရပ်ကိုရှုံ့ချကန့်ကွက်ကြောင်းနှင့်အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

'' သူတို့ ဥပဒေကို ချိုးဖေါက်တယ်ဆိုတော့ ဘယ်လို ဥပဒေမျိုးလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့။သူတို့က အမျိုးသမီးတစ်ဦးကို မနက်ခင်းမှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီးခေါ်သွားတာတော့ မဖြစ်သင့်ဘူး''ဟု နမ့်ခမ်းမြို့လူငယ်များကွန်ယက်မှ ကိုစိုင်းယိက ပြောကြားသည်။
TNLA ၏ မဟာမိတ်ဖြစ်သည့် ရှမ်းတိုးတက်ရေးပါတီ (SSPP) မှလည်း ဖမ်းဆီးခံရသည် မနန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် စာရေးသားတောင်းဆိုထားသည်။ ယခုကိစ္စသည် လက်နက်ကိုင်အဖွဲ့အစည်းအချင်း ချင်းဖြစ်သည့်ကိစ္စမဟုတ်ဘဲ လက်နက်ကိုင်နှင့် ပြည်သူလူထုကြားမှာ ဖြစ်နေသည့်ပြသာနာ ဖြစ်သောကြောင့် လူမျိုးစုများကြားတွင် သံသယဖြစ်စရာများ ကြီးထွားလာမှာကို စိုးရိမ်သည်ဟု ကိုစိုင်းယိက ပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် တအာင်းလက်နက်အဖွဲ့ (TNLA)တို့သည် ၂၀၁၅ ခုနှစ်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့ အချိန်အထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

Photoး TNLA & ရှမ်းလူမှု့ အဖွဲ့ အစည်းများ
အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment