Wednesday, May 1, 2019

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းသို့ ဦးတည်နေ


ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်နေပြီး အင်မတန်အားပြင်းတဲ့ မုန်တိုင်းအဖြစ် ကျရောက်နိုင်သလို အဲဒီမုန်တိုင်းအရှိန်ကြောင့် ဧပြီ ၃၀ ရက်နေ့က သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ မိုးကြီးခဲ့ပါတယ်။ 
ဆိုင်ကလုန်း ဖန်နီဟာ လေတိုက်နှုန်း တနာရီ ၁၅၇ ကီလိုမီတာဝန်းကျင် ရှိတယ်လို့ အမေရိကန်-အိန္ဒိယ ပူးတွဲ တိုင်ဖွန်းသတိပေးစင်တာက ဆိုပါတယ်။ 

အခုအခါ မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ အရှေ့ အရှေ့တောင်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိပြီး ပြီးခဲ့တဲ့ ၆ နာရီအတွင်း တနာရီ ၁၆ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် လာမယ့် ရက်အနည်းငယ်အတွင်း အိုဒီရှားပြည်နယ်နဲ့ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ် တချို့နေရာတွေမှာ မိုးကြီးနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။ 

ဒါကြောင့် တာဝန်ရှိသူတွေ နိုးနိုးကြားကြား သတိဝီရိယနဲ့နေပြီး မုန်တိုင်း ကုန်းတွင်းဝင်ရောက်ပါက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ပြည်နယ်အစိုးရက မှာကြားထားပါတယ်။

DVB

0 comments:

Post a Comment