Wednesday, May 1, 2019

မဟာဗျူဟာလမ်းဖြစ်သည့် မန္တလေး ၅၈ လမ်းကို ယခုဘတ်ဂျက်နှစ်အတွင်း အပြီးဖောက်မည်


မန္တလေးမြို့ရဲ့ မြောက်ဘက်နဲ့ တောင်ဘက် မြို့သစ်အကြား ဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာမြောက်လမ်းဖြစ်တဲ့ ၅၈ လမ်းကို အခု၂၀၁၉ ဘက်ဂျက်နှစ် အတွင်း အပြီးဆောင်ရွက်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ 
မန္တလေးမြို့ရဲ့ တချို့လမ်းတွေဟာ တိုးယိုးပေါက်မဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့တဲ့ အခက်အခဲတွေရှိတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းအောင် လမ်းဖောက်လုပ်ပေး နေတာ ဖြစ်ပြီး ၅၈ လမ်းဟာ လမ်း ၃၀ နဲ့ ၃၂ လမ်းအကြားမှာ လမ်းကြော မရှိဘဲ ခါးပြတ်နေကာ ဘုန်းကျောင်း ၃ ကျောင်းကလည်း လမ်းကြောပေါ်မှာ တည်ရှိနေတာပါ။ 

အရင် ခေတ်အဆက်ဆက် လမ်းဖောက်လုပ်ဖို့ မညှိနှိုင်းနိုင်ဘဲ အခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ညှိနှိုင်းချက်အရ ဇောတိကကျောင်း၊ သရက်တောကျောင်းနဲ့ ငြိမ်းချမ်းရေးစာသင်တိုက်တို့က လမ်းမြေစွန့်လွှတ်ပေးခဲ့တာကြောင့် လမ်းဖောက်လုပ်နိုင်ခဲ့ တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ သိရတယ်။ 

အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်တွေအနေနဲ့ အုတ်တံတိုင်းတွေဖျက်ပေးတဲ့အပြင် ကျောင်းဆောင်တွေကို နေရာရွှေ့ပေးတာနဲ့ ကုဋီနေရာတွေကိုပါ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

အများအကျိုး ဖြစ်တဲ့အတွက် ကျောင်းတိုက်မြေတွေကို လမ်းဖောက်လုပ်ဖို့ စွန့်လွှတ် လှူဒါန်းခဲ့တယ်လို့လည်း ငြိမ်းချမ်းရေး စာသင်တိုက်ရဲ့ စာချဆရာတော် ဦးဥတ္တမက မိန့်ပါတယ်။ 

၅၈လမ်းကို လမ်းကြောရှင်းလင်း မြေခင်းပြီးတာနဲ့ ပေ၆၀အကျယ် နိုင်လွန်လမ်းခင်းပေးမယ်လို့လည်း သိရပါတယ်။ 

လမ်းပြီးသွားပါက ၁၉လမ်းကနေ ပြည်ကြီးတံခွန်မြို့နယ် အဆုံး အမှတ်(၆) ရေဆိုးပစ်မြောင်းအထိ လမ်းပေါက်မှာဖြစ်တဲ့အတွက် ၆၂လမ်းပေါ်မှာ ယာဉ်ကြောကြပ်တာ အထိုက်အလျောက် လျော့သွားမယ်လို့ ဆိုပါတယ်။ 

၂၀၁၈-၁၉ ဘတ်ဂျက်နှစ်ထဲမှာ မန္တလေးမြို့အတွင်း နိုင်လွန်လမ်း ၈၅မိုင်ကျော်နဲ့ လမ်းစုစုပေါင်း မိုင် ၁၃၀ကျော် ခင်းဖို့လျာထားတယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။ 


သတင်း- ထိန်ထိန်လင်း
DVB

0 comments:

Post a Comment