Wednesday, June 26, 2019

အင်တာနက်လိုင်းများပြန်ဖွင့်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်လွှတ်တော်အတည်ပြု



ရခိုင်ပြည်နယ် (၈) မြို့နယ်၌ ရပ်ဆိုင်းထားသော အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရာတွင် ကန့်ကွက်မည့်သူ မရှိသောကြောင့် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။ 

အရေးကြီးအဆိုကို လွှတ်တော်ကိုစားလှယ် ၆ ဦးက ထောက်ခံဆွေးနွေး ခဲ့သည်ဟု အဆိုရှင် မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က The Ladies News သို့ပြောကြား သည်။ 
`အဆိုကို ထောက်ခံဆွေးနွေးပြီးတော့ လွှတ်တော်ရဲ့ အတည်ပြုချက် ရယူတဲ့အခါမှာ ကန့်ကွက်မယ့်သူမရှိဘဲ အတည်ပြုပေးပါတယ်` ဟု ၄င်းကပြောကြားသည်။ 
လွှတ်တော်က အတည်ပြုလိုက်သည့်အတွက် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် အရေးကြီးအဆိုကို ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြမှာဖြစ်ကြောင်း ပုဏ္ဏာကျွန်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောကြားသည်။ 
အင်တာနက်ဝန်ဆောင်မှုများ ရပ်ဆိုင်းထားသော ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်သည် တပ်မတော်နှင့် AA တို့ စစ်ရေးတင်မာမှုများဖြစ်ပွား နေသော မြို့နယ်များဖြစ်သည်။ 

အောင်ရဲနောင် 
The Ladies News 

0 comments:

Post a Comment