Wednesday, June 26, 2019

နိုင်ငံတော်၏ နယ်နိမိတ်များကို တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များက ခြံစည်းရိုးကဲ့သို့ ကာရံပေးထားပြီး ခြံစည်းရိုး ခိုင်ခံ့ကောင်းမွန်ထက်မြက်နေရန် အမြဲပြုပြင်ထိန်းသိမ်းလေ့ကျင့်နေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံတော်၏ ကုန်းမြေ၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်နိမိတ်များအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များက ခြံစည်းရိုးကဲ့သို့ ကာရံပေးထားခြင်းဖြစ်၍ ခြံစည်းရိုး ခိုင်ခံ့ကောင်းမွန်ထက်မြက်နေရန် အမြဲပြုပြင် ထိန်းသိမ်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံအရေး၊ နိုင်ငံအကျိုးအတွက် အမြဲတမ်း ကြိုးစားဆောင်ရွက်နေခြင်းသည် သစ္စာ စောင့်သိခြင်းပင်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျိုးဖြူတပ်နယ်နှင့် ကွင်းကောက်တပ်နယ်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းများမှ နည်းပြအရာရှိ ၊ စစ်သည်များနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များအား ဇွန် ၂၄ ရက်တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ထိုသို့ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အရည်အချင်းပြည့်ဝသည့် တပ်မတော် (Standard Army) ဖြစ်စေရန်၊ နိုင်ငံတကာနှင့်တန်းဝင်သည့် တပ်မတော်ဖြစ်စေရန်အတွက် အချိန်၊ ငွေနှင့်လုပ်အားများရင်းနှီး၍ အရာရှိ၊ စစ်သည် တစ်ဦးချင်း၊ အဆင့်လိုက်နှင့် တပ်ဖွဲ့အလိုက် စွမ်းရည်ရှိအောင် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးနေခြင်း ဖြစ်ကြောင်း၊ သင်တန်းများအပေါ်တွင် အလေးထား၍ သင်ကြားပေးသည့် အတတ်ပညာများကို သိရှိနားလည်အောင် လေ့လာ၊ လေ့ကျင့်ကာ လက်တွေ့တွင်လည်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်းပညာများကို မေ့ပစ်၍မရသလို စစ်အတတ်ပညာများ၊ စစ်အခြေခံသဘောတရားများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ကမ္ဘာ့နိုင်ငံများတွင် ပြောင်းလဲတိုးတက်လျက်ရှိသည့် နည်းပညာများ၊ အတွေးအခေါ်အယူအဆများ၊ စစ်သတင်းများ၊ ဗဟုသုတများကို ဖတ်ရှုလေ့လာနိုင်ရန် အတွက်လည်း လိုအပ်သောစာအုပ်၊ စာစောင်များအား ထုတ်ဝေပေးလျက်ရှိသဖြင့် စာဖတ်ကြရန်လိုကြောင်း၊ စာပေဆိုသည်မှာ မိမိမဖတ်ရသေးသည့် စာပေမှန်သမျှ အဟောင်းမရှိ၊ အသစ်များသာဖြစ်ကြောင်း၊ တပ်မတော်တွင် အစဉ်အလာကောင်းများ ရှိထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် တစ်ဦးချင်းအလိုက်၊ တပ်ဖွဲ့အလိုက် ကိုင်တွယ်အသုံးပြုရမည့် လက်နက် ၊ ပစ္စည်းကိရိယာများကို ကျွမ်းကျင်မှုရှိရမည် ဖြစ်သကဲ့သို့ စစ်အတတ်ပညာများ ၊ ခေါင်းဆောင်မှုအတတ်များ ၊ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်ထမ်းဆောင်မှုများကို ကျွမ်းကျင် မှုရှိရန်၊ Skilled ဖြစ်စေရန် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုသည်မှာ ပင်ကိုအားဖြင့် တပ်မတော်သားများသည် သေမည်ကိုမကြောက်ဘဲ တိုင်းပြည်ကိုကာကွယ်ရန် တပ်မတော်ထဲ ဝင်ရောက်လာ ကြသူများဖြစ်ကြောင်း၊ တိုက်ပွဲဝင်ရာတွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသော တိုက်ပွဲဝင် စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment