Wednesday, June 26, 2019

တာဝန်ပေးသဖြင့် ၀န်ကြီးလုပ်ရဟု ဦးမိုးကျော်သူပြော




ဝန်ကြီးအဖြစ် ရည်ရွယ်ထားခြင်းမရှိဘဲ တာဝန်ပေးသဖြင့်သာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ၀န်ကြီးအသစ် ဦးမိုးကျော်သူက ပြောဆိုလိုက်သည်။ 
စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတက အမည်စာရင်းပေးပို့ခဲ့မှုအပေါ် ဇွန်လ ၂၆ ရက်က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူ သုံးဦးရှိခဲ့သော်လည်း မှတ်တမ်းအဖြစ်သာထားရှိပြီး ရွှေဘိုမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူကို ၀န်ကြီးအဖြစ် လွှတ်တော်က ခန့်အပ်ခဲ့သည်။ 
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည်လည်း ရွှေဘိုမဲဆန္ဒနယ်မှ ဖြစ်သောကြောင့် ၀န်ကြီးအသစ် သည် ၀န်ကြီးချုပ်နှင့် နီးစပ်သဖြင့် ရွေးချယ်ခံရခြင်းဖြစ်သည်ဟု ဝေဖန်နေမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ 
ဝန်ကြီးချုပ်နှင့် မဲဆန္ဒချင်း တူသဖြင့် နီးစပ်သည်ဟု ပြောဆိုနေကြသော်လည်း နိုင်ငံတော်သမ္မတက ရွေးချယ်ပြီး လွှတ်တော်က ခန့်အပ်မှသာ အတည်ဖြစ်ခြင်းဖြစ်ကြောင်း ဦးမိုးကျော်သူက ဆိုသည်။ 
"နဂိုကတည်းက ၀န်ကြီးဖြစ်ချင်လို့ လုပ်နေတာမဟုတ်ပါဘူး။ အခုလည်း လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး။ တာဝန်ပေးလို့ လုပ်တာပါ " ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။ 
ဝန်ကြီးဌာနအသစ်၏ ၀န်ကြီးအဖြစ် တမူးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး၊ ခန္တီးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်ဝင်းနှင့် ရွှေဘိုမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူတို့ကို ၀န်ကြီးချုပ်က သမ္မတထံ အမည် စာရင်း တင်သွင်းခဲ့ရာ သမ္မတက ဦးမိုးကျော်သူကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။ 
ဝန်ကြီးဌာနအသစ်သည် NLD အစိုးရ၏ လက်ကျန်သက်တမ်း တစ်နှစ်ခွဲကာလအတွင်းသာ ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရမည်မဟုတ်ဘဲ အလုပ်အကိုင်များစဉ်ဆက်မပြတ် ဖြစ်ပေါ်လာရေးကို လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၀န်ကြီး ဦးမိုးကျော်သူက ပြောဆိုသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေကဏ္ဍများအတွင် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေဖန်တီးပေးရန် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ကတိပြု ပြောဆိုသည်။ 
ဦးမိုးကျော်သူသည် ရွှေဘိုမြို့နယ် ကျောင်းမြောင်းမြို့ဇာတိဖြစ်ပြီး လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ရွှေဘိုမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အတွင်းရေးမှူး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်အဖြစ် လည်း တာဝန်ထမ်းဆောင်လျှက် ရှိသည်။ 
ဓာတ်ပုံ - Moekyaw Thu FB  
The Voice Journal 

0 comments:

Post a Comment