Tuesday, June 25, 2019

ကြားဖြတ်သန်းခေါင်စာရင်း “၀” နှင့်မိုင်းလား ဒေသများပါ ကောက်ယူမည်


လာမည့် နိုဝင်ဘာလတွင် ကောက်ယူမည့် ကြားဖြတ်သန်းခေါင်စာရင်းတွင် “၀” နှင့် မိုင်းလားပြည်နယ်များတွင်ပါ ကောက်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရသည်။ 
“အရင်က မကောက်ခဲ့ရတဲ့ နေရာတွေလည်း ပါပါတယ်။ဖြန့်ကျက်ပြီးတော့ လုပ်မှာပါတယ်။ ၀ တို့ မိုင်းလားတို့မှာလည်း သူ့ ပြည်နယ်အလိုက် ကောက်ဖို့ ရှိပါတယ်”ဟု အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။ 
ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအတွက် အသုံးပြုမည့် မေးခွန်းပုံစံများထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ထို့အတူ ရခိုင်ပြည်နယ်သို့ကောက်ယူရာလည်း အခက်အခဲမရှိနိုင်ကြောင်း၊ယခုကြားဖြတ်တွင် ကောက်ယူမည့် ကောက်ကွက်တွင် ကောက်ကွက်ပေါင်း ၄၀၀၀ ကျော်ကောက်ယူမည်ဖြစ်ပြီး ယခင်နှစ်များက ကောက်ယူခဲ့ခြင်း မရှိသည့် နေရာ များတွင်လည်း ကောက်ယူသွားမည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။ 
ယခုနှစ် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် Tablet များသာ အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။ 
“အရင်တုန်းကလို စာရွက်နဲ့ ကောက် မှာမဟုတ်ပဲ တက်ပလက်တွေနဲ့ ကောက်ယူမှာဖြစ်ပါတယ်။ အဲ့လို ကောက်ယူသွားမှာဖြစ်တဲ့ အတွက် နိုင်ငံတကာ စံချိန်စံညွှန်း နဲ့ အညီ ကောက်ယူသွားမျာဖြစ်တဲ့ အတွက် နိုင်ငံတကာ အဆင့်မီတဲ့ စနစ်ဖြစ်ပါတယ်”ဟု ၎င်း ကပြောသည်။ 
ထိုသို့ကောက်ယူရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရံပုံငွေဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး နည်းပညာဖွံ့ဖြိုးမှုများအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
မဲပေးခွင့် ရှိသူများအား မဲပေးနိုင်အောင် အစီအစဉ်ချပြီး ဆောင်ရွက်နေကြောင်း၊ထို့အတူ မဲစာရင်းပါသူများကိုလည်း မဲပေးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိမ်ထောင်စုစာရင်း မှတ်ပုံတင်များကိုလည်း ရသင့်ရထိုက် မှုများအတွက် ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
မဲစာရင်းများ ပြုစုရာတွင်လည်း ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လ၀က ၀န်ကြီးဌာန ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် တွေပေါင်းစပ်၍ ပြုစုနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ် များတွင် ဆောင်ရွက်မည့် အစီအစဉ် ချပြနေကြောင်း သိရသည်။

The Fifth Wave News 

0 comments:

Post a Comment