Tuesday, June 25, 2019

ယခုနှစ် မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးစီမံချက်ဖြင့် သစ်ပင်ပေါင်း ၆၈ သန်းကျော် စိုက်ပျိုးမည်


ယခုနှစ် ၂ဝ၁၉ မိုးရာသီတွင် Green Enviroment Campaign စီမံချက်အနေဖြင့် သစ်ပင် ၆၈ သန်းကျော် စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက News Watch သို့ ပြောကြားသည်။ 
''လူထုလှုပ်ရှားမှုနဲ့ စိုက်တာတွေပါတယ်။ သစ်တောစိုက်ခင်းတွေပါတယ်။ စည်ပင်က စိုက်တာတွေပါတယ်။ တိုင်းဒေသကြီးအစိုးရစိုက်တာတွေပါတယ်၊ စသည်ဖြင့်ပေါ့လေ။ အဲဒါကတော့ အားလုံးပေါင်း ၆၈ သန်း ကျော်ပါဗျ။ Green Enviroment Campaign ဆိုပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်နေတာ ၆၈ သန်းကျော်ပါ ဗျ။ အဲဒါအားလုံး ၂ဝ၁၉ မိုးရာသီမှာ စိုက်မှာပါပဲ''ဟု ပြောသည်။ 
ယင်းအပြင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်တောဦးစီးဌာနမှ ၁ဝ သန်းကျော်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ၁ သန်းကျော် စိုက်ပျိုးသွားရန်လည်း စီစဉ်ထားပြီး လက်ရှိတွင် စိုက်ပျိုးမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 
လက်ရှိတွင် အမျိုးသားသစ်တော ကဏ္ဍပင်မစီမံကိန်း (၂ဝဝ၁-၂ဝဝ၂ မှ ၂ဝ၃ဝ-၂ဝ၃၁) ကို ရေးဆွဲ ဆောင်ရွက်နေပြီး စီမံကိန်းကာလနှစ် ၃ဝ အတွင်း ဒေသခံပြည်သူအစုအဖွဲ့ ပိုင် သစ်တောဧရိယာ ဧက ၂ ဒသမ ၂၇ သန်း တည်ထောင်သွားရန် ရည် မှန်းဆောင်ရွက်နေကြောင်း သိရသည်။ 
သဘာဝသစ်တောများ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး၊ သစ်များကိုစနစ်တကျ အသုံးချရေး၊ သစ်မှအပ အခြားသစ်တောထွက်ပစ္စည်းများ စနစ်တကျအ သုံးချရေး၊ လောင်စာစွမ်းအင် ထိ ရောက်စွာအသုံးချရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ရေး၊ လူမှုသစ်တော ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ သစ်တော ကဏ္ဍဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။ 
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သစ်တောဦးစီးဌာန၊ အခြားသောဆက်စပ်ဌာနများ၊ ပြည်တွင်းပြည်ပမှ NGO များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ (CSO) ပူးပေါင်းပါဝင်၍ အမျိုးသားအဆင့် ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (Community Forestry National Working Group- CFNWG) ကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလထဲတွင် ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။ 

မင်းထင်
News Watch 

0 comments:

Post a Comment