Monday, June 3, 2019

ကေအိုင်အိုကို လီဆူတိုင်းရင်းသားများ မြစ်ကြီးနား၌ ကန့်ကွက်ဆန္ဒထုတ်ဖော်


KIA/KIO အဖွဲ့က လီဆူလူမျိုးများနှင့် ဒေသခံ ပြည်သူများအပေါ် ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်မှုများပြုလုပ် နေသည်ဟုဆိုကာ လီဆူတိုင်းရင်းသားများက မြစ်ကြီးနား မြို့၌ ဇွန် ၃ ရက် နံနက် ၇ နာရီခွဲတွင် ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)မှ သိရသည်။ 
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ လီဆူတိုင်းရင်းသားများ လူအင်အား ၃၀၀၀ ကျော်ဖြင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့ကို လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။ 
"အဓိကက KIA/KIO ဘက်ကနေ ကျွန်တော်တို့ လီဆူလူမျိုးများနဲ့ပြည်သူလူထုတွေအပေါ် မတရား ဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်တာတွေကို ဆန့်ကျင် ကန့်ကွက်သောအားဖြင့် ကျွန်တော်တို့ လှည့်လည်ဆန္ဒထုတ်ဖော်ပွဲကို လုပ်ရတယ်။ ကျွန်တော်တို့ ပြည်သူလူထုအပေါ်မှာ သတ်ဖြတ်ခဲ့တာတွေ ညှဉ်းပန်းနှိပ်စက်ခဲ့တာတွေအတွက်တောင်းဆိုချက်လေးချက်ကို ကျွန်တော်တို့ တောင်းဆိုခဲ့ကြပါတယ်"ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောဆိုသည်။ 
အဆိုပါ တောင်းဆိုချက် လေးချက်မှာ လီဆူလူမျိုးများအပေါ် KIA/KIO အဖွဲ့က မတရားဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့မှုများအတွက်KIA/KIO ဗဟိုမှ တရားဝင်တောင်းပန်ကြောင်းကြေညာချက်ထုတ်ပြန်ပေးရန်၊ နောက်နောင် လီဆူလူမျိုးများအပေါ် KIA/KIO အဖွဲ့က မတရားဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်မှုများ မပြုလုပ်ရေး၊ KIA/KIOဗဟိုမှ တာဝန်ခံကတိက၀တ်ပြုပေးနိုင်ရန်၊ KIA/KIO အဖွဲ့က မတရားညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ လီဆူမိသားစုဝင်များအား နစ်နာကြေးနှင့်အတူ ရိုးရာဓလေ့ထုံးတမ်း၊ ဘာသာရေးထုံးတမ်းစဉ်လာများဆိုင်ရာ လူမှုရေးဆောင်ရွက်မှုများ ဆောင်ရွက်ပေးရန်၊ KIA/KIO အဖွဲ့က အတင်းအဓမ္မ ဖမ်းဆီး တပ်သားသစ်စုဆောင်းခြင်းများ မပြုလုပ်စေရေး KIA/KIO ဗဟိုမှ ကြပ်မတ်ဆောင်ရွက်ပေးရန်စသည့်အချက်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။ 
"ကျွန်တော်တို့ အဓိကက နိုင်ငံရေး နည်းလမ်းအရ ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာနဲ့ ကျွန်တော်တို့ တောင်းဆိုမယ်။ လုပ်ဆောင်သွားမယ်။နိုင်ငံရေးနည်းလမ်းကို အဆုံးထိ တတ်နိုင်တဲ့ဘက်ကတတ်နိုင်တဲ့အထိ လုပ်ဆောင်သွားပါမယ်လို့ ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်ထားပါတယ်"ဟု ဦးရွှေမင်းက ပြောဆိုသည်။ 
သတင်း - စည်သူဟိန်း 
The Standard Time Daily 

0 comments:

Post a Comment