Monday, June 3, 2019

ပြစ်ဒဏ်မပြည့်မီ ခံဝန်ကတိဖြင့် လွှတ်ပေးနိုင်မည့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲနေ


အကျဉ်းကျထောင်သားတွေကို ပြစ်ဒဏ်မပြည့်မီ ခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးနိုင်မယ့် (Parole System) စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးနိုင်ဖို့အတွက် ဥပဒေကြမ်းတစ်ရပ်ရေးဆွဲနေတယ်လို့ ဇွန်(၃)ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ 
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းထောင်ဝင်ဆံ့အင်အားထက်ပိုပြီး အကျဉ်းသားတွေကို လက်ခံထား ရတဲ့အတွက် အကျဉ်းသားလျော့ချနိုင်ဖို့ ပြစ်ဒဏ်မပြည့်မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပမှာ ကောင်းကောင်း မွန်မွန်နေထိုင်မယ့် ကတိခံဝန်ချက်နဲ့ လွှတ်ပေးတဲ့စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်နေတာလို့ ပြည့်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။ 
ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲနေတဲ့ ခံဝန်နဲ့ လွှတ်ပေးတဲ့ အကျဉ်းသားတွေကို စောင့်ကြပ်ကြည့်ရှု လေ့လာ ခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ အခန်း(၁၀)ခန်းပါဝင်ပြီး တရားရုံးတွေရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အပိုင်း အခန်းတွေ ရေးဆွဲပြီးရင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ဥပဒေအကြံပြုချက် တောင်းခံသွားမယ်လို့ဆိုပါတယ်။ 

ဒီခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးနိုင်မယ့် (Parole System)စနစ်ကို အာဆီယံ(၁၀)နိုင်ငံထဲမှာ မြန်မာနိုင်ငံ အပါအ၀င်(၃)နိုင်ငံသာ မကျင့်သုံးသေးတာဖြစ်ပြီး ဒီစနစ်ကို ဥပဒေနဲ့အညီကျင့်သုံးနိုင်ခဲ့ရင် နိုင်ငံအတွင်း အကျဉ်းသားလျော့ချရေး အစီအစဉ်ကို အကောင်းဆုံး အထောက်အကူပေးနိုင်မှာဖြစ်တယ်လို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးခင်မောင်မောင်က ဆိုပါတယ်။ 

အကျဉ်းဦးစီးဌာနကထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်း၊ သက်မွေးသင်တန်းပေါင်း(၉၀)ကျော်ရှိနေပါတယ်။ လက်ရှိ အဲဒီအကျဉ်းထောင်တွေမှာ အကျဉ်းသားလက်ခံနိုင်တဲ့ အင်အားထက် (၁၆)ရာခိုင်နှုန်းအထိ ပိုမိုလက်ခံနေရတဲ့အတွက် အကျဉ်းသားတွေ လျော့ချနိုင်ဖို့လိုနေတာပါ။ 

သတင်း - သိန်းကိုလွင်
One News Myanmar 

0 comments:

Post a Comment