Monday, June 3, 2019

သူနာပြုသိပ္ပံ (ပေါင်းကူး) သင်တန်း တက်ရောက်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်သတ်မှတ်ထားပြီး တာဝန်ထမ်းဆောင်ခြင်းမရှိပါက စာချုပ်ပါလျော်ကြေးအတိုင်း ပေးဆောင်ရမည်


လုပ်ငန်းခွင်မှ သူနာပြုများ အဝေးသင်နည်းလမ်းဖြင့် သူနာပြု သိပ္ပံဘွဲ့ရရှိမည့် Off Campus B.N.SC (Bridge) Program ကို လက်ရှိ ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းတက်ရောက်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမရှိပါက စာချုပ်ပါလျော်ကြေးအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သူနာပြုတက္ကသိုလ် (ရန်ကုန်) မှသိရသည်။ 
အဆိုပါသင်တန်းများကို ရန်ကုန်နှင့် မန္တလေးရှိ သူနာပြုတက္ကသိုလ်များတွင် စတင်ဖွင့်လှစ်သင်ကြားပေးနေပြီး သူနာပြုသိပ္ပံ (ပေါင်းကူး) B.N.SC (Bridge) Off Campus Program တစ်နှစ်သင်တန်းနှင့် နှစ်နှစ်သင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အနည်းဆုံး သူနာပြုလုပ်သက် သုံးနှစ်ပြည့်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ဆဲ လုပ်ငန်းခွင်မှ သူနာပြုများ ဖြစ်ရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ် ဆက်လက်တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ခြင်း မရှိလျှင်သော်လည်းကောင်း၊ သင်တန်းပြီးဆုံးအောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ်ဆက်လက်တာ ဝန်ထမ်းဆောင်ခြင်းမရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ထား သောသင်တန်းလျော်ကြေးငွေ ကျပ်လေးသိန်း ပေးဆောင်ရန် ကတိခံဝန်ချက် ချုပ်ဆိုရမည်ဖြစ်သည်။ 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြု တက္ကသိုလ် (ရန်ကုန်) က လုပ်ငန်းခွင်အတွင်းမှ သူနာပြုများ သူနာပြုသိပ္ပံ (ပေါင်းကူး) သင်တန်းကို လုပ်ငန်းခွင်မပျက် အဝေးသင်နည်းလမ်းဖြင့် သင်ယူနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် သင်တန်းများ စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 
“ဒီသင်တန်းကို သူနာပြုတက္ကသိုလ်နဲ့အတူ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ သူနာပြုသင်တန်း ကျောင်းတွေနဲ့ ချိတ်ဆက်ဖွင့်လှစ်သွားမှာပါ။ သင်တန်းကာလ နှစ်နှစ်အတွင်း Semester ခြောက်ခု၊ Module ခုနစ်ခုနဲ့ ပို့ချသွားဖို့ရှိပါတယ်။ သင်တန်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက အဆိုပြုလာတဲ့ သင်တန်းသားတွေထဲက လိုအပ်ချက်နဲ့ လေ့ကျင့်မှုပေးနိုင်မှုအပေါ် မူတည်ပြီး အရေအတွက် ကန့်သတ်ရွေးချယ်သွားမှာပါ” ဟု သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
သင်တန်းတွင် ပို့ချမှုများမှာ Adult Learning ပုံစံဖြစ်ပြီး သင်တန်းကျောင်းများ၊ သူနာပြုတက္ကသိုလ်မှ ဆရာများနှင့်လည်း အခါအားလျော်စွာတွေ့ဆုံပြီး လိုအပ်ချက်များ (Assignments, Research, Seminar , Assessment) ပြည့်မီရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ယင်းသူနာပြုသိပ္ပံဘွဲ့ ပေးအပ်နိုင်ခြင်းဖြင့် ဆေးရုံများ၌ သူနာပြုအင်အား လျော့နည်းမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာ ပေးနိုင်ခြင်း၊ သူနာပြုသိပ္ပံဘွဲ့ရ အရေအတွက် တိုးမြင့်လာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ သင်တန်းကျောင်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်နိုင်ခြင်း၊ နောင်အခါ သူနာပြုသင်တန်းကျောင်းများကို ကောလိပ် သို့မဟုတ် အသက်မွေး ဝမ်းကျောင်းများအနေဖြင့် အဆင့်မြှင့်တင်နိုင်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူများ၏ကျန်းမာရေး အဆင့်အတန်း တိုးမြင့်လာ ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် သူနာပြုတက္ကသိုလ် သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင်တက်ရောက်ရမည်။ ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်က လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်း ဆုံးသုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ် ရေးထိုးရမည်။ ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ပေးလျော်ရန်နှင့် တည်ဆဲတရားဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ပါဝင်ပြီးဖြစ်သည်။ 
သူနာပြုတက္ကသိုလ်နှစ်ခု၊ သူနာပြု၊သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်အထိ သူနာပြု ၃၅၀၀၀ ကျော်နှင့် သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့်မွေးထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် တက္ကသိုလ်၊ သင်တန်းကျောင်းအသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်း တက်ရောက်လျက်ရှိသည်။ 


Eleven Media Group

0 comments:

Post a Comment