Monday, June 3, 2019

တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲအား ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ


တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ယူနန် ပြည်နယ် ပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Ruan Chengfa ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms.Li Xiaoyan နှင့် ယူနန် ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် Mr.He Ligui တို့ အပါအ၀င် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms.Li Xiaoyan က ယခု အချိန်တွင် တရုတ် နှင့် မြန်မာ နှစ်ဦးနှစ်ဖက်လုံးသည် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်း ဆောင်ရွက်ရေး အတွက် အရေးကြီးသော အခန်းကဏ္ဍ ဖြစ်ကြောင်း ၊ “ရပ်ဝန်း နှင့် ပိုးလမ်းမ” အစီအစဉ်အောက်တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်မှုကို နက်နက်ရှိုင်းရှိုင်း တွန်းအားပေး ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံ ခရီး သွားလာရေး နှင့် ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှုများက အနာဂတ် စာမျက်နှာသစ်ဆီသို့ ရောက်လှမ်းကာ ပြည်သူပြည်သားများ အကြား စိတ်ချင်း ပိုမို နီးစပ် ခိုင်မြဲ၍ နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသည်လည်း ပိုမို နက်ရှိုင်း ကြွယ်ဝလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
Ms.Li Xiaoyan က တရုတ် နိုင်ငံ အနေဖြင့် ယခု အကြိမ် ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် လှုပ်ရှားမှု ပွဲကြီးကို အခွင့်အလမ်း တစ်ရပ် အနေဖြင့် မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ခရီး သွားလာရေး နှင့် ယဉ်ကျေးမှု အစရှိသော နယ်ပယ်များတွင် ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများကို ပိုမို တိုးချဲ့ စေပြီး နှစ်နိုင်ငံ ပြည်သူများ အကြား စိတ်ချင်း နီးစပ်စေရေး အတွက် မပြတ် ကြိုးပမ်းကာ လာမည့်နှစ်တွင် တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အတွက် ဂုဏ်ပြု ကြိုဆိုပြီး မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ အကြား ရှေးယခင် ရှိရင်းစွဲ ချစ်ကြည်ရေး အခြေခံ အုတ်မြစ်ပေါ်တွင် ပိုမို တိုးတက် ကောင်းမွန်သော ဆက်ဆံရေးကို အကောင်အထည် ဖော်လိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 
သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကိုယ်စား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က “ယနေ့ အခမ်းအနားဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ တို့ ရဲ့ ချစ်ကြည် ရင်းနှီးမှု ပိုမို ခိုင်မြဲစေရေး ၊ ယဉ်ကျေးမှု နဲ့ ခရီးသွား လုပ်ငန်းကို မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် အကျိုးခံစားခွင့် ရရှိစေနိုင်ရေး အတွက် အဓိပ္ပာယ် ပြည်စုံတဲ့ အခမ်းအနား တစ်ခုပဲ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။ 
ယခု အခမ်းအနားသည် တရုတ်နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာစေပြီး ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်းကဏ္ဍကို ပိုမို တိုးတက်အောင် မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေခံ အုတ်မြစ် တစ်ရပ် ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 
ဟိုတယ် နှင့် ခရီး သွားလာရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက မြန်မာ-တရုတ် နှစ်နိုင်ငံ ခရီးသွား ၊ ယဉ်ကျေးမှု နှင့် ပတ်သက်၍ အပြန်အလှန် လည်ပတ်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ 
ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ခရီးသွား နှင့် ယဉ်ကျေးမှု ဆိုသည်မှာ အပြန်အလှန် ဆက်စပ် အကျိုးပြု နေကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ၊ ပြည်သူများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ် ၊ အလည်အပတ် ခရီးသွားများမှသည် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မာလာပြီး နှစ်နိုင်ငံ ကောင်းကျိုး ပိုမို ဖြစ်ထွန်း လာမည်ဟု ယုံကြည်ကြောင်း ၊ ၂၀၁၉ ခုနှစ် တရုတ် ခရီးသွား နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲမှသည် နှစ်နိုင်ငံ ခရီးသွား နှင့် ယဉ်ကျေးမှု ကဏ္ဍများ အတွက် တိုးတက် အထောက်အကူများ ဖြစ်လာမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 
ယူနန် ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.He Ligui က ယခု အကြိမ် “တရုတ်-မြန်မာ ခရီး သွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ်” လှုပ်ရှားမှု ပွဲကြီးမှ တစ်ဆင့် ယူနန် ဒေသ နှင့် မြန်မာ နိုင်ငံ နှစ်ဦးနှစ်ဖက်လုံးမှ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အမြင်တူများ ပိုမို စုဝေးနိုင်ပြီး ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်များကို ပိုမို တိုးချဲ့ နိုင်ကာ ပူးပေါင်း ဆောင်ရွက်ရေး ရလဒ်ကောင်းများ ပိုမို ကျယ်ပြန့် စွာ ရရှိနိုင်ရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံ၌ ကျင်းပသော “တရုတ်-မြန်မာ ခရီး သွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ်” လှုပ်ရှားမှု ပွဲကြီးတွင် “သာယာ လှပသော တရုတ်ပြည်” ၊ မြန်မာနိုင်ငံ နှင့် ယူနန် ဒေသတို့ ၏ ခရီးသွား ဓာတ်ပုံပြပွဲ ၊ ခရီးသွား ဗီဒီယိုပြပွဲ ၊ နှစ်နိုင်ငံ ခရီးသွား ဟောပြောပွဲ နှင့် မိတ်ဆက်ပွဲ ၊ လက်ဖက်ရည် အနုပညာ သင်တန်း နှင့် ပြပွဲ ၊ ရိုးရာ ယဉ်ကျေးမှု အဆိုအက ဖျော်ဖြေပွဲ အစရှိသည့် အစီအစဉ်များဖြင့် အကြောင်းအရာ စုံလင်ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံရပ်ခြား တရုတ်ယဉ်ကျေးမှု စင်တာ ၃၄ ခုနှင့် ပြည်ပ အခြေစိုက် ခရီးသွား လုပ်ငန်းဌာန ၁၉ ခုတို့  တပြိုင်နက် ကျင်းပသောပွဲ “တရုတ်နိုင်ငံ ခရီး သွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ်”ပွဲ ဖြစ်ကြောင်း သိရသည်။ 
၂၀၁၉ ခုနှစ် တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ်ပွဲကို တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၉ နှစ်မြောက် နှင့် နှစ်နိုင်ငံကြား ခရီး သွားလာရေး ၊ ယဉ်ကျေးမှု ကဏ္ဍ အသီးသီးတွင် ပူးပေါင်း ဖလှယ်ရေး ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး တိုးမြှင့်စေရန် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 
တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားတွင် ယူနန် ပြည်နယ် ချုရှုံ တိုင်းရင်းသား အနုပညာ အဖွဲ့ မှ ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် ၀တ်စားဆင်ယင်မှုများ ၊ တေးသီချင်း သီဆိုမှုများ ၊ အဖွဲ့ လိုက် ဖျော်ဖြေမှုများ ၊ တူရိယာများ တီးမှုတ် ဖျော်ဖြေ တင်ဆက်မှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။




(Xinhua)

0 comments:

Post a Comment